The Nation/Bangkok ၂၈ နိုဝင်ဘာ ၂၀၀၇
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် ထိုင်းနိုင်ငံသို့လာရောက်စဉ် မြန်မာနိုင်ငံ
အရေးကို ဆွေးနွေးမည်မဟုတ်ကြောင်း ထိုင်းဝန်ကြီးချုပ် စူရာယွတ်ချုလာနွန်က ပြောသည်။
မစ္စတာဘန်ကီမွန်းသည် ထိုင်းနိုင်ငံသို့ ဒီဇင်ဘာ (၉) မှ (၁၁) ရက်အထိ လာရောက်မည်ဖြစ်ပြီး ထိုင်းနိုင်ငံနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုကို ဆွေးနွေးမည်ဖြစ်သည်။
ယင်းသို့လာရောက်ချိန်တွင် မြန်မာနိုင်ငံ၏အခြေအနေကို ဆွေးနွေးမည်မဟုတ်ကြောင်း၊ မြန်မာ နိုင်ငံကိစ္စကို နယူးယော့ခ်တွင်ပြုလုပ်သည့် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ဆွေးနွေးခဲ့ပြီး ဖြစ်ကြောင်း ၀န်ကြီးချုပ် စူရာယွတ်က ပြောသည်။
၎င်းက “ဒီကိစ္စကို ကုလသမဂ္ဂအထွေထွေညီလာခံမှာ အသေးစိတ်ဆွေးနွေးခဲ့ပြီးဖြစ်တယ်။
ပြီးတော့ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ကိုလည်း မြန်မာနိုင်ငံကို စေလွှတ်ခဲ့ပြီးဖြစ်တယ်” ဟုပြောသည်။
သို့သော် ၀န်ကြီးချုပ် စူရာယွတ်က မြန်မာ့အရေးပြဿနာအဆုံးသတ်စေရန် ကုလသမဂ္ဂ
ဦးစီးပြီး တရုတ်၊ အိန္ဒိယနှင့် အာဆီယံနိုင်ငံတို့ ပါဝင်သော ဒေသတွင်းဆွေးနွေးပွဲတခု
ကျင်းပရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီနှင့် ယခင်လတွေ့ဆုံစဉ်က အဆိုပြုခဲ့သည်။
ယင်းသို့ အဆိုပြုခြင်းသည် သက်ဆိုင်သူအားလုံးအား ဆွေးနွေးပွဲစကားဝိုင်းသို့ ရောက်ရှိ
လာစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း မစ္စတာ စူရာယွတ်က ပြောသည်။
မစ္စတာဘန်ကီမွန်းသည် ယခုနှစ်ဇန်န၀ါရီတွင် ကိုဖီအာနန်ထံမှ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် တာဝန်ကို လွှဲပြောင်းယူပြီးနောက် ထိုင်းနိုင်ငံသို့လာရောက်သည့် ပထမဦးဆုံးခရီးစဉ်ဖြစ်သည်။
ခေတ်ပြိုင်အင်တာနက်စာမျက်နှာမှကူးယူဖေါ်ပြသည်။
No comments:
Post a Comment