UNOCHA/ ၁၅ စက်တင်ဘာ ၂၀၀၈။ ။
ဧရာဝတီတိုင်းအတွင်းမှ မုန်တိုင်းဘေးသင့် ကလေးများအတွက် ရေရှည်တွင် ရေသန့်ရရေး စိုးရိမ်ရသကဲ့သို့ ပြည်တွင်းဆန် ၀ယ်ယူရေးကိုလည်း ဆက်လက်တင်းကျပ်ထားကြောင်း စက်တင်ဘာ (၁၂) ရက်ထုတ် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးရုံး (UNOCHA) အစီရင်ခံစာ အမှတ် (၄၈) ၌ ဖော်ပြသည်။
လပွတ္တာမြို့နယ် (၃) မိုင်နှင့် (၅) မိုင် ကယ်ဆယ်ရေးစခန်းရှိ မုန်တိုင်းသင့်ဒုက္ခသည်များကို ယခုလ (၄) ရက်နေ့ တွင် ကျေးရွာနှစ်ရွာသို့ ရွှေ့ပြောင်းလိုက်ပြီးဖြစ်သည်။ စခန်းနှစ်ခု စုစုပေါင်းဦးရေမှ (၄၆၇) ယောက်ကို ပိန်းနဲ တောင်ရွာတွင်လည်းကောင်း၊ စခန်း (၃) မှ (၇၆၂) ဦးကို မင်းကုန်းရွာတွင်လည်းကောင်း ပြန်လည်နေရာချထား ခြင်းဖြစ်သည်။ ပြန်လည်နေရာချထားရေးအဖြစ် သက်ဆိုင်ရာအာဏာပိုင်များက သတ်မှတ်ပေးသည့် အဆိုပါ ရွာများသည် အဓိကဆက်သွယ်ရေးလမ်းမနှင့် (၂) မိုင်ခန့်အကွာအဝေးတွင် တည်ရှိသည်။
(၅) မိုင်စခန်းမှ ယခင်က စွန့်ခွာထွက်သွားပြီးနောက် စခန်းသို့ ပြန်လည်ရောက်ရှိလာသူ အခြား အိမ်ထောင်စု (၇၄) စုကိုလည်း ကျောက်ဖြူရွာတွင် ပြန်လည်နေရာချထားပြီးဖြစ်သည်။
မုန်တိုင်းသင့်အချို့နေရာများတွင် ခြောက်သွေ့မှုများ ဖြစ်ပေါ်လာနိုင်သဖြင့် လက်ရှိစိုက်ပျိုးသီးနှံများအပေါ် သက်ရောက်မှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ရသည်။ မကြာသေးမီက ထုတ်ပြန်ခဲ့သည့် မိုးလေ၀သ အချက် အလက်များအရ ယခုနှစ်မုတ်သုန်ရာသီ ကုန်ဆုံးမှုသည် ပုံမှန်မဟုတ်ဘဲ စောကုန်မည်ဖြစ်သည်။
ယင်းအပြင် စာသင်ကျောင်း ဆောက်လုပ်ရေးလုပ်ငန်းများနှင့် ယာယီစာသင်ကျောင်းများကို ဆက်လက်ထိန်း သိမ်းထားရှိရေး အတွက်လည်း စိုးရိမ်ရမှုများရှိနေသည်ဟု အစီရင်ခံစာက ဖော်ပြသည်။ ယခုနှစ် မိုးရာသီကာလ တိုတောင်းနိုင်သဖြင့် မြစ်ဝကျွန်းပေါ်ဒေသအတွင်းရှိ ကလေးများနှင့် စာသင်ကျောင်းများအတွက် သောက်ရေသန့် ရေရှည်ထောက်ပံ့ရေး လုပ်ငန်းများအတွက်လည်း အထူးစိုးရိမ်ဖွယ် ဖြစ်ပေါ်နေသည်။
ယခင်ကကဲ့သို့ပင် ဆက်လက်ဖြစ်ပေါ်နေဆဲ အခြားစိန်ခေါ်မှုတရပ်မှာ မြစ်ဝကျွန်းပေါ်ဒေသအတွင်း လုပ်ကိုင်နေသော အန်ဂျီအိုများအနေဖြင့် ဆက်သွယ်ရေးပစ္စည်းကိရိယာများကို တင်သွင်းခြင်းနှင့် အသုံးပြုခြင်းတို့ကို အာဏာပိုင်များက တင်းကျပ်ထားခြင်းပင်ဖြစ်သည်။
အာဏာပိုင်များက ပိတ်ပင်ကန့်သတ်မှုများကို ယခင်ကကဲ့သို့ပင် ပြုလုပ်ထားသဖြင့် နယ်မြေနှင့် ဒေသတွင်း ဆန်ဝယ်ယူရရှိ မှုအခြေအနေမှာလည်း ဆက်လက်စိန်ခေါ်မှုတခုဖြစ်နေသည်။ သို့သော် ဆန်ရရှိဝေငှရေး အစီအစဉ်လမ်းကြောင်းများအနေဖြင့် ယခုလကုန်အထိ ရပ်တန့်သွားဖွယ်မရှိပေ။
By NEJ
URL: http://www.khitpyaing.org/archives/3897
No comments:
Post a Comment