Wednesday, December 31, 2008

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ AK-47 ကျည်ဆန်ရှားပါး

Tuesday, 23 December 2008 17:55 ဧရာဝတီ


တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနေနှင့် စစ်အစိုးရ တပ်ဖွဲ့များနှင့် ရင်ဆိုင် တိုက်ခိုက်ရန် အားလျော့ လာခြင်းသည် လက်နက်ခဲယမ်း အခက်အခဲ များကြောင့် ဖြစ်ကြောင်း သိရသည်။

အထူးသဖြင့် ၎င်းတို့အသုံးပြုနေသော AK-47 ချေမှုန်းရေး ရိုင်ဖယ် သေနတ် ကျည်ဆန်များ ၀ယ်ယူရရှိရန် အခက်အခဲများ ကြုံတွေ့နေရသည်ဟု ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ပြောဆိုကြသည်။



စစ်ရေးလေ့ကျင့်နေသော ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - အေအက်ဖ်ပီ)

“အခု AK-47 အ၀ယ် ရပ်ထားရတယ်၊ အဲဒီ သေနတ်ကျည်ဆန်က ဘယ်နေရာမှာမှ ၀ယ်လို့မရဘူးဖြစ်နေလို့”ဟု ကရင်အမျိုးသား အစည်းအရုံး(KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (KNLA) တပ်မဟာ (၆) ထိန်းချုပ်နယ်မြေဖြစ်သည့် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူရှိ KNLA တပ်ဖွဲ့ဝင် တဦးက ပြောပြသည်။

ယင်း AK-47 သေနတ်ကျည်ဆန် ရှားပါးမှုကြောင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအနေနှင့် စစ်အစိုးရ စစ်တပ် များကို ဆန့်ကျင်တိုက်ခိုက်မှု ရပ်တန့်နေရခြင်းဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။

“AK-47 ကျည်ဆန်ကို ထိုင်းဘက်မှာ ၀ယ်ဖို့ကလည်း အခက်အခဲရှိတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ အခု ထိုင်းစစ်တပ် က အမေရိကန်လုပ် M-16 အော်တိုမက်တစ် ရိုင်ဖယ်တွေကို သုံးနေတာ”ဟု ဘုရားသုံးဆူ ရှိ မွန်ပြည်သစ်ပါတီ (NMSP)အဖွဲ့ဝင် တဦးက ဧရာဝတီသို့ ပြောသည်။

အဆိုပါ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် မြန်မာစစ်အစိုးရကို ဆယ်စုနှစ်များစွာ ဆန့်ကျင်တိုက်ခိုက် ခဲ့ကြသော်လည်း မကြာသေးသောနှစ်များမှစတင်၍ လက်နက် ခဲယမ်း အခက်အခဲများကြောင့် အင်အားလျော့ နည်းလာခဲ့ကြပြီး တိုက်ခိုက်ရေးဘက်တွင်လည်း အားနည်းလာကြောင်း သိရသည်။

လွန်ခဲ့သော နှစ် ၂၀ ခန့်က ကမ္ဘောဒီးယား စစ်ပွဲမှ ပိုလျှံလက်နက်ခဲယမ်းများကို ထိုင်းစစ်တပ်က ဆယ်ဘီးကား ကြီးများဖြင့် နယ်စပ်ဖြတ်ကျော် သယ်ဆောင်၍ မြန်မာလက်နက်ကိုင်သူပုန်အဖွဲ့များသို့ သက်သာသည့် ဈေးနှုန်း ဖြင့် ပြန်လည် ဖြန့်ဖြူးခဲ့ဖူးသည်။

မကြာသေးခင်က ဘန်ကောက်ပို့စ် သတင်းစာတွင်လည်း ရုရှ ထုတ် AK-47 ၊ အမေရိကန်ထုတ် M-16 သေနတ် များ၊ အပေါ့စား စက်သေနတ်များ အပါအ၀င် လက်နက်ငယ် ပစ္စတို သေနတ်များ၊ RPG လောင်ချာ၊ လက်ပစ်ဗုံး နှင့် SAM-7 ကဲ့သို့သော မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များ စသော လက်နက်ခဲယမ်းများကို ကားများဖြင့် သယ်ဆောင်၍ အရောင်းအ၀ယ်ပြုလုပ်ရန် မည်ကဲ့သို့ သိုလှောင်သည်ကို ရေးသားထားသည်။

ဘိန်းဘုရင် ခွန်ဆာသည်လည်း ၎င်းတပ်ဖွဲ့၏ နှစ်ပတ်လည်စွမ်းရည်ပြပွဲများ၌ လက်နက်များပြသရာတွင် အဆိုပါ SAM-7 ဒုံးကျည်များကို ပြသခဲ့ဖူးသည်။ ၎င်းသည် ၁၉၉၆ ခုနှစ်တွင် မြန်မာစစ်အစိုးရထံ လက်နက်ချခဲ့သည်။

“အရင်က ကမ္ဘောဒီးယား နယ်စပ်ကနေ မြန်မာနယ်စပ်ကို လက်နက်သယ်ယူရတာ အခက်အခဲ မရှိခဲ့ဘူး၊ အခုတော့ လက်နက်ဝယ်ဖို့ က တော်တော် ခက်သွားပြီ”ဟု မွန်တိုင်းရင်သား လက်နက်ကိုင် အဖွဲ့ဝင်ဟောင်း တဦးကလည်း ပြောပြသည်။

လက်ရှိအခြေအနေအရ ရှမ်း (SSA) နှင့် ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် ယင်းသို့ အခက်အခဲများကြား မှ မြန်မာစစ်အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေသည့် တိုင်းရင်းသား အဖွဲ့များ ဖြစ်သည်။

စစ်အစိုးရကို ပြန်လည်တိုက်ခိုက်နေသည့် များစွာသော အဆိုပါသူပုန်တပ်သားများအတွက် လက်နက် ရွေးချယ် သုံးစွဲခွင့်သည်လည်း အရေးပါကြောင်း သိရသည်။

“ကျနော်ကတော့ AK-47 ကိုကြိုက်တယ်၊ M-16 ထက်ပိုကောင်းလို့”ဟု ကရင်တပ်ဖွဲ့ဝင် တဦး ကပြောသည်။

ယင်း AK-47 သည် ကြာရှည်အသုံးခံပြီး ထိန်းသိမ်းပြုပြင်ရန်လည်းများစွာမလိုအပ်သောကြောင့် ၎င်းအနေနှင့် ကြိုက်နှစ်သက် ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

သို့သော် AK-47 ကျည်ဆန်သည် ဈေးကြီးကြောင်း၊ ကျည်တတောင့်လျှင် ထိုင်း ဘတ်ငွေ ၁၀ ဘတ် - ၁၅ ဘတ် (ကျပ် ၃၅၀ - ၅၂၅ ) ခန့် ပေးရကြောင်း AK-47 ကိုကြိုက်နှစ်သက်သည့် တခြားသော တပ်ဖွဲ့ဝင်တဦးကလည်း ပြောသည်။

မြန်မာနိုင်ငံမြောက်ပိုင်းရှိ တချို့သော လက်နက်ကိုင် အဖွဲ့များကလည်း စီးပွားရေးတွက်ဖြင့် ကျည်ဆန် ၀ယ်ယူ သုံးစွဲမှု လျှော့ချနေကြောင်း သိရသည်။

တိုင်းရင်းသား လက်နက်ကိုင် ငြိမ်းချမ်းရေး အဖွဲ့တဖွဲ့ဖြစ်သည့် ၀ ပြည် စည်းလုံးညီညွတ်ရေးတပ်မတော် (UWSA) သည် ၎င်းတို့ တပ်ဖွဲ့များနှင့် စစ်အစိုးရကြား တိုက်ပွားများဖြစ်ပွားသည့်အခါ အသုံးပြရန် နှင့် မဟာမိတ် တိုင်းရင်းသား အဖွဲ့များကိုပြန်လည် ရောင်းချရန်အတွက် မကြာသေးခင်က AK-47 နှင့် ကျည်ဆန်များ ကိုယ်ပိုင် ထုတ်လုပ်နေသည်။ UWSA သည် မြန်မာစစ်အစိုးရနှင့် ၁၉၉၀ ခုနှစ် အစောပိုင်းကာလတွင် ငြိမ်းချမ်းရေး ယူ ထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည်။

ပလောင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဝင်ဟောင်း တဦးကမူ UWSA တွင် ရောင်းချရန် ကျည်ဆန်များ အဆင်သင့်ရှိပြီး အရည်အသွေးအနည်းငယ်ညံ့၍ ဈေးနှုန်း သိပ်မသက်သာဟု ပြောသည်။

တချိန်တည်းတွင်ပင် ၎င်းတို့ အဖွဲ့အနေနှင့် UWSA ထံမှ လက်နက်နှင့် ကျည်ဆန်များ မ၀ယ်ယူနိုင်သေးကြောင်း KNU အဖွဲ့ဝင် တဦးကလည်း ပြောဆိုသည်။

အဆိုပါ လက်နက်ကိုင်အဖွဲ့ KNU သည် ၁၉၉၅ ခုနှစ်တွင် စစ်အစိုးရက ၎င်းတို့၏ ဌာနချုပ်ကို သိမ်းပိုက်ခြင်း ခံခဲ့ရသည်။ ထိုအချိန်မှစ၍ ပြောက်ကျား စနစ်ဖြင့် စစ်အစိုးရကို ဆက်လက် တိုက်ပွဲဝင်ခဲ့သည်။

လက်ရှိ ထိုင်း-မြန်မာ နယ်စပ်တွင် AK-47 နှင့် M-16 သေနတ်တလက်လျှင် ဘတ် ၁၀၀၀၀ - ၁၅၀၀၀ (ဒေါ်လာ ၂၉၅ - ၄၄၀)ခန့်ရှိကြောင်း၊ ယခင် ၁၀ နှစ်ခန့်က ဘတ် ၄၀၀၀ ခန့်ရှိပြီး ကျည်ဆန်တတောင့်လျှင် ၃ ဘတ် ခန့်သာ ရှိကြောင်း ဘုရားသုံးဆူရှိ လက်နက်ဝယ်ယူသူ တဦး၏ အဆိုအရ သိရသည်။

ဧရာဝတီက ရရှိထားသော စာမျက်နှာ ၆၈ မျက်နှာပါ ၂၀၀၇ ခုနှစ်အတွင်းက ထုတ်ပြန်သည့် မြန်မာစစ်အစိုးရ၏ လက်နက်ကိုင်အဖွဲ့အစည်းများနှင့်ပတ်သက်သော မဟာဗျူဟာ လျှို့ဝှက် အစီရင်ခံစာတွင် ပြီးခဲ့သည့်နှစ်အတွင်း သူပုန် ၁၅၇ ဦးအသေရခဲ့ပြီး ၃ရ ဦး အသက်ရှင်လျက်ဖမ်းဆီးရမိကြောင်း၊ ၎င်းတို့အနေနှင့် မိုင်းများထောင်၍ တိုက်ခိုက်ခဲ့ကြောင်း၊ လူတဦး မိုင်းနင်းမိပါက ကျန် လူ ၃ ဦး သို့မဟုတ် ၄ ဦးကိုပါ တိုက်ခိုက်ပြီးသကဲ့သို့ ဗျူဟာ ချမှတ် တိုက်ခဲ့ကြောင်း ပါရှိသည်။

from Irrawaddy webside

No comments: