ဒေါင်းတမန်
(၁)
မြန်မာစာပေတွင် မင်းခယောက်ျား ဟူသော စကားသာ ရှိခဲ့ပေသည်။ ယခုမှ မင်းခရဟန်း ဟူသော စကားကို တီထွင်ရမည့် အခြေအနေမျိုး ဆိုက်နေပေသည်။ အဘယ့်ကြောင့်ဆိုသော် ကြခတ်ဝိုင်း ဆရာတော် ကဲ့သို့သော နအဖ မင်းတရားကြီး အကျိုးအတွက်ဆိုလျှင် ရွပရရွပ်ချွံချွံ နာမည်ပင် သေသေ အမှုတော် ထမ်းရွက်မည့် ဆရာတော်ကြီးများ အကြောင်းကို ကြားနေ ဖတ်နေရသောကြောင့် ဖြစ်ပါသည်။
ခေတ်အဆက်ဆက် ရာဇ၀င်တွင် အုပ်စိုးသူ မင်းအပေါ် သြဇာညောင်းသော သာသနာပိုင်များ၊ မင်းဆရာများ အကြောင်းသာ ဖတ်ဖူးခဲ့ပါသည်။ ဘုရင်၏ အမိန့်ကို နာခံခဲ့ ၊ ခိုင်းဖတ်ဖြစ်ခဲ့ရသော ဆရာတော်ကြီးများ အကြောင်း ကိုမူ မမှတ်သားမိခဲ့ဖူးပါ။ ယခုမူ ရာဇ၀င်တွင် စာတင်လောက်စရာ အာဏာရှင်များ၏ လက်ညှိုးထောင် ခေါင်းညိတ် ကြခတ်ဝိုင်း ဆရာတော်ကြီးဆိုတာ ပေါ်ထွက်လာခဲ့ပါပြီ။
အကြင်မင်းမှုထမ်း တဦးသည် အမှုတော်ကို ဦးဆွေးဆံမြည့် သက်စွန့်ကြိုးပမ်း ထမ်းရွက်ခဲ့လျှင် မင်းဖြစ်သူက မြှောက်စား၍ မင်းစိုးရာဇာအပါး အနီးကပ် ခစားခွင့် ရတော့သည်။ ထိုသူအား မင်းခယောင်္ကျားဟု ခေါ်ကြလေသည်။ အနှီကဲ့သို့ မင်းအပါး ခစားနေသည်မှာ ရဟန်းတော်များ ဖြစ်သည်ကို ယခုလို တွေ့မြင်ကြရသောအခါ မင်းခရဟန်း ဟုသာ ဆိုထိုက်လှပေစွ။
စက်တင်ဘာ သပိတ်မှောက် ကံဆောင်ပွဲကြီးတွင် အနှီရဟန်းတို့သည် ရဟန်းဘ၀ တလျှောက်လုံး မိမိတို့ကို ဆွမ်းကပ်ခဲ့သော ဒကာပြည်သူတို့၏ ဆန္ဒကို လျစ်လျူရှု၍ အာဏာရှင်များ ဘက်သို့လိုက်ကာ ရုပ်သေးရုပ်ပမာ အသုံးတော်ခံ ပါလေသည်။ ဘ၀တူ ဘုရားသားတော် ရဟန်းများ သွေးမြေကျရသည်ကိုပင် ကန့်ကွက် ဖြောင်းဖျရမှန်း သတိမရဘဲ မျက်စိမှိတ်၊ ပါးစပ်ပိတ် နေနိုင်ရက်ပါပေသည်။
နီးရာဓားကို ကြောက်ရသောကြောင့် အာဏာရှင်များ အငြိုအငြင်ကို မခံရဲခြင်းပေလောဟု ဖေးဖေးမမ တွေးဆ ကြည့်မိသော်လည်း ထိုအချက် တခုတည်းကြောင့်ဟု ဆို၍ မရစကောင်းချေ။ ကြခတ်ဝိုင်း အပါအ၀င် အလိုတော်ရိ ဆရာတော်ကြီးများတွင် ထောက်ထားစရာ အခြားကိစ္စများလည်း ရှိနေနိုင်ပါသည်။ ကြခတ်ဝိုင်း ဆရာတော်ကြီးဆိုလျှင် ဘဏ်တွင် အပ်နှံထားမိသော ငွေသိန်းပေါင်း ၃၇၀၀၀ကျော် (နအဖ ငြိုငြင်လျှင်) ဆုံးရှုံးမည့် ကိစ္စမျိုး ပူပင်ကောင်း ပူပင်ပါလိမ့်မည်။
အခြား ဆရာတော်ကြီးများ ဆိုလျှင်လည်း နာယက ရာထူးများမှ လျောကျမည့်အရေး
တွေးပူကောင်း ပူပေလိမ့်မည်။ သို့မဟုတ် နအဖတွင် ဆရာတော်ကြီးများကို အိတ်ထဲ အပိုင်ထည့်ထား နိုင်လောက်အောင် အကျပ်ကိုင် ထားနိုင်သည့် ကျွန်တော်တို့ မသိသော အောက်လမ်းနည်းများလည်း ရှိနေနိုင်ပါသည်။
မည်သို့သော အကြောင်းကြောင့်ပင် ဖြစ်စေ ထိုဆရာတော်ကြီးများ ကလည်း ကိုယ့်လမ်းကို ကိုယ်ရွေးသွားကြပါသည်။ နောင်တွင်သာ မိမိတို့ တာဝန်မကျေခဲ့မှုကြောင့် မိမိတို့၏ ရဟန်းငယ်သားများ ခိုမှီရာမဲ့ ဖြစ်ခဲ့ရခြင်း၊ ကျောင်းများ ဖျက်ဆီးခံခဲ့ရခြင်း၊ ဘာသာ၊ သာသနာ အစော်ကား ခံခဲ့ရခြင်းတွေ အားလုံးအတွက် နောင်တမရကြပါစေနဲ့ ဟုသာ ကျနော်တို့ ဆုတောင်းကြရန် ရှိပါသည်။
(၂)
ထိုသို့သော မင်းဆရာများ၏ ကံကြမ္မာအကြောင်း ဆက်ပြီး တင်ပြ လိုပါသေးသည်။
တခါက ဗိုလ်ချုပ်ခင်ညွန့် ကိုးကွယ်ခဲ့သော မေဃ၀တီ အမည်ရှိ ဆရာတော်ကြီး တပါး ရှိခဲ့ဖူးပါသည်။ ထိုဆရာတော်ကြီးသည် အင်းအိုင်လက်ဖွဲ့ အစီအရင် အင်မတန် တော်သည်ဟု နာမည်ကြီးပါသည်။ ယခင်က သင်္ကန်းကျွန်းတွင် မထင်မရှား သီတင်းသုံးခဲ့ရသော ထိုဘုန်းကြီးမှာ သူပေးခဲ့သော အစီအရင်တခု အပေါက်အလမ်း တည့်သွားသောကြောင့် ဗိုလ်ချုပ်ခင်ညွန့်က မြှောက်စားသည်တွင် ဗွီအိုင်ပီဘုန်းကြီး နေ့ချင်းညချင်း ဖြစ်သွားပါတော့သည်။
ထို့နောက် မေဃ၀တီ ကျောင်းလည်း ခမ်းနားခဲ့သည်။ ဗိုလ်ချုပ်ခင်ညွန့်နှင့် ပတ်သက်လိုသူများကလည်း အခွင့်အရေး ရလိုရငြား ဘုန်းကြီးကျောင်းသို့ ၀င်ထွက်ကြသည်။ ထိုကျောင်းဝင်း အတွင်းတွင် လာသမျှ ဧည့်သည်မပြောနှင့် ကပ္ပိယ လက်ထဲတွင်ကအစ လက်ကိုင်ဖုန်း ရှိသည်။ လာသမျှ ဧည့်သည်အားလုံးကို နေ့တိုင်း သတ်သတ်လွတ်ထမင်း ကျွေးနိုင်သည်။ ဆရာတော်ကြီးကလည်း သူဘုန်းတန်ခိုး ကြီးလာသလို သူ့တပည့် ဗိုလ်ချုပ်ခင်ညွန့် တန်ခိုးထွားနေဖို့ သူစွမ်းသလောက် အစီအရင်တွေ ဆက်လုပ်ပေးနေခဲ့တာပါပဲ။
သူတို့ တန်ခိုးမှိန်ချိန် ရောက်လာတော့ ဗိုလ်ချုပ်ခင်ညွန့် မပြုတ်ခင် သုံး၊ လေး ရက် အလိုမှာ ဆရာတော်ကြီး နှလုံးသွေးကြော ပိတ်တယ်လို့ ဆိုပါတယ်။ အိပ်ရာထဲ ဘုံးဘုံးလဲပါတယ်။ သတင်းမေး လာကြသူတွေ ဆိုတာ ကျောင်းနဲ့ အပြည့်ပါပဲ။ ဆရာတော်ကြီး မီးစာကုန်လို့ပဲ ခင်ညွန့်ရဲ့ ဘုန်းကံပျောက်သလား မဆိုနိုင်ဘူး။ နောက်သုံးလေးရက် အကြာမှာ ခင်ညွန့် ပြုတ်ပါတယ်။ ခင်ညွန့်လည်း ပြုတ်ရော ဆရာတော်ကြီး အနားမှာ ၀ိုင်းနေခဲ့တဲ့ ဒကာတွေလည်း ချက်ချင်း ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်တော့တာပါပဲ။ ခြွေရံသင်းပင်းနဲ့ နေ ရတာ သာယာနေတတ်တဲ့ ဆရာတော်တွေအတွက် ဆိုရင်တော့ အကြီးအကျယ် သံဝေဂစရာပါ။
ဆရာတော်ကြီးကတော့ ခဏတဖြုတ်တော့ ထူထောင် လာပါသေးတယ်။ ဒါပေမယ့် တပည့်အတွက် စိတ်ထိခိုက်လို့ပဲ ရောဂါထပ်ဖောက် သွားသလား၊ တပည့်နဲ့ ကံကြမ္မာတူပဲ ဗိုလ်ချုပ်မှူးကြီးရဲ့ ကျူပင်ခုတ် ကျူငုတ်မကျန် နှိပ်ကွပ်ခြင်း ခံရမှာကိုပဲ လန့်သွားလို့လား မဆိုနိုင်ဘူး။ နောက်လေးငါးရက် အကြာမှာ ပျံလွန် တော်မူသွားပါတယ်။ ဘုန်းကြီးပျံပွဲကိုတောင် နအဖက အကြီးအကျယ် လုပ်ခွင့်မပေးလို့ အကျဉ်းရုံး လုပ်ခဲ့ရပါတယ်။
(၃)
မင်းခယောင်္ကျား၊ ကမ်းနားသစ်ပင် … တဲ့။
မင်းဧကရာဇ်အပါး ခစားတဲ့ အစေအပါး ကျွန်ယုံတွေရဲ့ ဘ၀ဟာ ခိုင်မြဲလေ့ မရှိပါဘူး။
အဲဒီလိုပဲ မင်းခရဟန်း … တဲ့
ကျနော်တို့ ဆက်ပြီး စောင့်ကြည့်ကြပါစို့လား ခင်ဗျာ …။
ဒေါင်းတမန်
အပြည့်အစုံသို့...
ဒေါက်တာလွဏ်းဆွေဘလော့ဂ်မှကူးယူဖေါ်ပြသည်။
Friday, November 9, 2007
မေဃ၀တီ၊ ကြခတ်ဝိုင်းနှင့် မင်းခရဟန်း၊ ကမ်းနားသစ်ပင်
Posted by
Andaman Hero
at
6:19 PM
0
comments
Labels: ကိုယ့်အကြိုက်
Tuesday, October 23, 2007
မြန်မာ့လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းမိန့်ခဲ့တာက

“ဟေ့ … သေလည်း မြန်မာပီပီ ဇာတိမာန်နဲ့ သေကြပါ။ ရန်သူကမိရင် ‘လက်’ အားရင် လက်နဲ့ထိုး၊ ‘ခြေ’ အားရင် ခြေနဲ့ကန်ပါ။ နောက်ဆုံး ‘ပါးစပ်’ အားနေရင် ပါးစပ်နဲ့ ကိုက်ပြီးမှ ရဲရဲသာ သေပြလိုက်တာပေါ့။” (ဗိုလ်ချုပ်အောင်ဆန်း - ဟိုင်နန်ကျွန်း၌ စစ်ပညာသင်စဉ် ပြောကြားခဲ့သောစကား)
ဒေါက်တာလွဏ်းဆွေဘလောဂ်မှကူးယူဖေါ်ပြသည်။
Posted by
Andaman Hero
at
12:18 PM
0
comments
Labels: ကိုယ့်အကြိုက်
စက်တင်ဘာတော်လှန်ရေး၊အငတ်ဘေးနဲ့ နအဖတို့ လိမ်လည်မှုများ
ယခုတလော တော်တော်လေး အပြောများနေတာက နအဖက သူတော်ကောင်းပုံစံနဲ့ တွေ့ဆုံဆွေးနွေးရေးလို့ သူတို့က တောင်းဆိုထားတာကို ဒေါ်အောင်ဆန်းစုကြည်က လက်မခံတော့သယောင်၊ တိုင်းပြည်မှာ သူတို့လောက် အရာရာကို သဘောထားကြီးစွာ ဆက်ဆံတဲ့သူမရှိ သယောင် လုပ်ပြနေတာများ၊ ကြားရသူအဖို့ တော်တော်လေး စိတ်ပျက်စရာကောင်းပြီး သူတို့ရဲ့ အရှက်မရှိတဲ့ သတင်းတွေကို ဖတ်ရ၊ နားထောင်ရတာ နအဖ ကိုယ်တိုင်တော့ မသိဘူး၊ ကျွန်တော်တော့ သူတို့အစား ရှက်မိပါတယ်။ (နအဖတွေ မရှက်တတ်တာကတော့ အစကတည်းက သိပါတယ်။)
နအဖနဲ့ အတူ မြတ်ခိုင်ဆိုတဲ့ လူကလည်း လျှက်တစ်ပြတ်ဆိုပြီး အရှက်မရှိလုပ်နေတာတွေလည်း တွေ့ရပါသေးတယ်။ သေရင် ပြီးပြီဆိုတဲ့ မြတ်ခိုင်တစ်ယောက် ငွေကြာရံက ကျောင်းထိုင် ဆရာတော်ကြီးကို သွားဖူးပြီး သူ့ အရှက်ပြတ်တဲ့ ဂျာနယ်မှာ အချပ်ပိုဆိုပြီး ပြည်သူတွေကို စေတနာနဲ့ ငွေကြာရံ ဆရာတော်ကြီးကို ဖူးဖို့ လုပ်ပေးထားတာ သူမို့လို့ မျက်နှာပြောင် တိုက်ရဲတယ်။ ဗုဒ္ဓဘာသာနဲ့ သေရင်ပြီးပြီ အယူဝါဒ ဘာဆိုင်တာမှတ်လို့။
ဒီမိုကရေစီ မရရင် မြို့တော် ခန်းမရှေ့မှာ ကိုယ့်ကိုကိုယ် ဓါတ်ဆီလောင်း မီးရှို့ သတ်သေ ပြမယ့် ပုဂ္ဂိုလ်ကြီးကလည်း သံဃာတော်တွေက ပြည်သူတွေရဲ့ အခြေခံ လူ့အခွင့်အရေးကို တောင်းဆိုတဲ့ တစ်ပွဲလုံး၊ သံဃာတွေ အသတ်ခံနေရတဲ့ တချိန်လုံး ငြိမ်နေပြီးမှ အခုမှ နှစ်ဖက်လုံးက မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်ရှိတယ်ဆိုပြီး သံဃာတွေ နအဖ လက်ချက်နဲ့ သေနတ်စာမိပြီး ပျံလွန်တော် မူခဲ့ရတာကို အတိတ်မေ့သလို မေ့ပြနေပါသေးတယ်။ မဆလ တစ်ခေတ်လုံး တိုင်းပြည်ကို ချစ်ပြခဲ့ပြီးပြီ၊ အခုလည်း နအဖအချိန်အထိ လိုက်ချစ်ပြနေသေးတာလားမသိ။ သူတိုင်းပြည် ချစ်ပုံကလည်း မြန်မာနိုင်ငံသားတွေအားလုံးအတွက် ရင်လေးစရာပါပဲ။
ဖမ်းတာခံထားရပြီး အကျဉ်းကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံဆွေးနွေးဖို့ အကြောင်းပြန်သင့်ပါတယ်ဆိုပဲ။ ပြောတတ်လိုက်တာကွယ်လို့ မှတ်ချက် ပေးရမလို နအဖ ဆောင်းပါးရှင်တွေရဲ့ တော်ချက်က ကမ်းကုန်ပဲ။ မကြာခင်ကပဲ ပြောသွားတာရှိသေးတယ်၊ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား မရှိပါဘူးတဲ့။
လိမ်လိုက်တဲ့ ထောက်ခံပွဲတွေကလည်း အမျိုးမျိုး နေရာအနှံ၊ ပြည်သူတွေကို ဒီလိုနည်းနဲ့ ဒုက္ခပေးပြီး နိုင်ငံတကာကို မျက်လှည့် ပြဖို့ ကြိုးစားတာတွေ ရပ်လိုက်ပါတော့။ ပြည်သူတွေ ပင်ပန်းပါတယ်။ ဘယ်နိုင်ငံကမှလည်း မယုံပါဘူး။ ခင်ဗျားတို့က နိုင်ငံရေးဆိုပြီး လုပ်လာတာ ၁၉ နှစ်ပဲ ရှိပါသေးတယ်။ ကမ္ဘာ့နိုင်ငံတွေက ခေါင်းဆောင်းတွေက နိုင်ငံရေး လုပ်လာတာ နှစ်ပေါင်း ရာချီနေပါပြီ။ ခင်ဗျားတို့ မတော်တခေါက် နိုင်ငံရေး ဦးနှောက်လေးတွေနဲ့ လိမ်နေတာ မရှက်ကြဘူးလား။ ၅ နှစ်သား ကလေးက လူကြီးတစ်ယောက်ကို လက်ထဲမှာ အကြွေစေ့ ဖွက်ပြီး ဘယ်မှာလဲ မေးတာကို၊ လူကြီးက ကလေးပျော်အောင် မသိချင်ယောင်ဆောင်ပြီး မရှိတဲ့ ဘက်ကို ရွေးပြလိုက်တာကို `ငါ့ကိုယ် ငါ ဟုတ်လှပြီ ထင်မနေပါနဲ့´။
ခင်ဗျားတို့က ပြည်သူတွေ ဆင်းရဲလို့ လမ်းပေါ်ထွက်ပြီး ဆန္ဒပြတာကို ပြည်သူတွေ ဆင်းရဲ့ရတဲ့ ပြဿနာကို ဖြေရှင်းတဲ့ အဖြေတစ်ခုနဲ့ ထွက်မလာပဲ ကြံဖွတ်တွေ၊ စွမ်းအားရှင်တွေ၊ ၀ါးရင်း ဒုတ်တွေ ချောဆွဲထားတဲ့ ဒိုင်နာ ကားတွေနဲ့ ထွက်လာခဲ့တယ်။ အဲဒီအတွက် ငြိမ်းချမ်းရေးနဲ့ တိုင်းပြည်ဘာသာသာသနာ ကောင်းစားရေး လိုလားတဲ့ သံဃာတော်တွေက မေတ္တာထားဖို့၊ အေးအေးချမ်းချမ်း ဖြေရင်းဖို့ ပြောတာကို စစ်တပ်က သေနတ်တွေနဲ့ ဖြေရှင်းလိုက်ရုံနဲ့ ဒီပြဿနာတွေ အေးချမ်းသွားမယ်လို့ ခင်ဗျားတို့ နအဖတွေထင်နေလား။
သေနတ်နဲ့ ရှင်းလိုက်လို့ ငြိမ်သွားတဲ့ နောက်ကွယ်မှာ ပြည်သူတွေရဲ့ အထွေထွေ စီးပွားရေး အကျပ်အတည်းနဲ့ အငတ်ဘေးက ကပ်လိုက်လာတာကို ခင်ဗျားတို့ မသိနိုင်တာပဲလား၊ မသိချင်ယောင် ဆောင်နေတာလား မတွေးတတ်တော့ဘူး။ ပြည်သူတွေ စီးပွားကျပ်တည်းတဲ့ ပြဿနာကို ခင်ဗျားတို့ အခု အထိ မဖြေရှင်းသေးဘူး၊ မဖြေရှင်းနိုင်သေးဘူး။ သံဃာတွေသတ်၊ လူတွေ သတ်လိုက်တာပဲ ခင်ဗျားတို့မှာ နာမည်ဆိုးတိုးလာတယ်။
ခင်ဗျားတို့ ထင်နေသလို ခေါင်းဆောင်တွေကို ဖမ်း၊ လူတွေကို သတ်လိုက်ရုံနဲ့ တိုင်းပြည်အေးချမ်းသွားမယ် ခင်ဗျားတို့ နအဖတွေ လုပ်ချင်တာ လုပ်လို့ ရမယ် ထင်နေရင်မှားသွားလိမ့်မယ်။ မကြာခင် အချိန် ပိုင်းအတွင်းမှာ မမြင်ရတဲ့ ကြီးမားတဲ့ အပြောင်းအလဲ တစ်ခု တိုင်းပြည်မှာ ဖြစ်လာပါလိမ့်မယ်။ နအဖတွေ ခင်ဗျားတို့သွားရမယ့် လမ်းကိုသာ အခုတည်းက ရွေးထားပေတော့။ အကောင်းလား အဆိုးလားဆိုတာ၊ ကိုပိုင်လမ်းကို ကိုယ်ရွေးရတော့မှာ။
အခု ဖြစ်ခဲ့တဲ့ စက်တင်ဘာတော်လှန်ရေးမှာ သံဃာတွေ သွေးမြေကျခဲ့ရတာ၊ ရန်ကုန်က သံဃာတွေနဲ့ ခင်ဗျားတို့ နအဖတွေ ဖြစ်တဲ့ ပြဿနာလို့ တွေးထင်နေကြလား။ တကယ်ဖြစ်ခဲ့တာက ဒီတော်လှန်းရေးကြီးဟာ ဗုဒ္ဓဘာသာကြီး တစ်ခုလုံးကို နအဖက စစ်ကြေငြာလိုက်တဲ့ပွဲပါပဲ။ ခင်ဗျားတို့လို (၁၉) နှစ် အိုးနင်း ခွက်နင်း တည်ထောင်လာတဲ့တဲ့ နအဖဆိုတဲ့ လက်နက်ကိုင် အကြမ်းဖက်သမား တစ်စုက နှစ်ပေါင်း ၂၅၀၀ ကျော် တည်ရှိလာခဲ့တဲ့ ဗုဒ္ဓဘာသာကို ယှဉ်ပြီး မိုက်တော့မလို့လား၊ သေချာတွေးကြည့်ကြဦးနော်။
ခင်ဗျားတို့ နအဖတွေ၊ မီဒီယာတွေ ဘယ်လိုပဲ အရှက်မရှိလိမ်ညာနေကြပါလေ့စေ ... ပြည်သူတွေက သိတာတစ်ခုပဲ ရှိတယ်၊ စေတနာ အမှန်နဲ့ တိုင်းပြည်ကို ကောင်းစားစေချင်ရင် ၁၉ နှစ် မကြာဘူး၊ သံဃာတော်တွေကို မသတ်ဘူး၊ ဒေါ်အောင်ဆန်းစုကြည့်နဲ့ ကိုမင်းကိုနိုင်တို့ကို ဖမ်းမထားဘူး။ အဲဒါ သေချာတဲ့ အချက်တွေပဲ။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုမင်းကိုနိုင်တို့ ၈၈ မျိုးဆက် ခေါင်းဆောင်တွေကို ချွင်းချက် မရှိ မလွှတ်ပေးသေးသ၍ တွေ့ဆုံဆွေးနွေးရေး၊ တိုင်းပြည်ကောင်းစားရေး အော်နေတာတွေကို ဘာမှ တွေးစရာ မလိုပဲ လုံးဝ မယုံဘူးဆိုတာပါပဲ ခင်ဗျာ။
ကိုထိုက်ဘလောဂ်မှကူးယူဖေါ်ပြသည်။
Posted by
Andaman Hero
at
2:39 AM
0
comments
Labels: ကိုယ့်အကြိုက်
Sunday, October 21, 2007
ငရဲခွေးကြီးများ လွတ်နေသည်
အောင်ဇော်
ရန်ကုန်မြို့ကို စစ်တပ်က စီးနင်းသိမ်းပိုက်ထားပြီး ဆန္ဒပြရဟန်းတော်များနှင့် တက်ကြွလှုပ်ရှားသူများကို ဖြိုခွဲချေမှုန်းမှု များက ပိုမိုပြင်းထန်လာသည်။ နေ့ရော ညပါ ဖမ်းဆီးနှိပ်ကွပ်မှုများ ဖြစ်ပေါ်နေသည်။ မြန်မာနိုင်ငံရှိ သွေးထွက်သံယို ချေမှုန်းနေမှုများကို မြင်နေကြရသည့် သူအများအတွက် မေးခွန်းထုတ်စရာများလည်း ဖြစ်ပေါ်လာခဲ့သည်။ ဤသို့ ရက်ရက် စက်စက် ဖြိုခွဲချေမှုန်းမှုများ နောက်ကွယ်တွင် မည်သူက အမိန့်ပေးနေခဲ့သနည်း။ ရဟန်းတော်များနှင့် အပြစ်မဲ့ပြည်သူများကို ပစ်ခတ်ရန်အတွက် မည်သူက အမိန့်ပေးခဲ့သနည်းဟု စောကြောစရာ ဖြစ်လာခဲ့ရသည်။
လူတိုင်းလိုလိုက ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် စစ်တပ်အတွင်းရှိ ခေါင်းမာဂိုဏ်းသားများကို အပြစ်ရှိကြောင်း လက်ညှိုးထိုးပြ ခဲ့ကြသည်။ တချိန်က စိတ်ဓာတ်စစ်ဆင်ရေးဌာနကို ဦးဆောင်ခဲ့သူ၊ ယခုကာကွယ်ရေးဦးစီးချုပ် ဖြစ်နေသူ ဗိုလ်ချုပ်မှူးကြီးကို လျှို့ဝှက်သိပ်သည်း ဥာဏ်နီဥာဏ်နက်များလွန်းသူဟုလည်း လူအများက သိထားကြသည်။
ထိုကဲ့သို့သော ဗိုလ်ချုပ်သန်းရွှေကို သဘောထားတင်းမာသော စစ်တပ်ခေါင်းဆောင်များနှင့် ၀န်ကြီးများက ၀န်းရံထားကြ သည်။ လွန်ခဲ့သော ၂ နှစ်တာ ကာလအတွင်း သူက စစ်တပ်နှင့် ၀န်ကြီးအဖွဲ့အတွင်း ရာထူးနေရာ အပြောင်းအလဲများကို စီစဉ်ခဲ့ပြီး သူ၏လူယုံ သစ္စာခံများကိုသာ ရာထူးတိုးမြှင့်နေရာချထားခဲ့သည်။
ထောက်လှမ်းရေးမှူးချုပ်ဖြစ်သူနှင့် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ၂၀၀၄ ခုနှစ် အောက်တိုဘာလတွင် ဖယ်ရှားခဲ့ပြီး သည့်နောက်ပိုင်း စစ်ခေါင်းဆောင်များက နေပြည်တော်မြို့တော်သစ်တွင် လေးလပတ် စုံညီအစည်းအဝေးများကို နောက်ကျ၍ ၂၀၀၆ အတွင်းတွင်မှ ကျင်းပခဲ့ကြသည်။ ဤအစည်းအဝေးတွင် ရာထူးအပြောင်းအရွှေ့ကိစ္စများ၌ ဗိုလ်ချုပ် သန်းရွှေက ချယ်လှယ်စီမံခဲ့သည်ကိုလည်း အထင်းသားတွေ့ခဲ့ကြရသည်။
ဤစုံညီ အစည်းအဝေးတွင် စစ်အစိုးရအကြီးအကဲက ကာကွယ်ရေးဌာန စစ်ဆင်ရေးအထူးအဖွဲ့ (ကစထ) (၅) ကို အသစ် စီစဉ်ဖွဲ့စည်းခဲ့ပြီး ဒု ဗိုလ်ချုပ်ကြီးမြင့်ဆွေကို ဦးဆောင်စေခဲ့သည်။ (ယခင်က မြန်မာနိုင်ငံတွင် စစ်ဆင်ရေးအထူးအဖွဲ့ ၄ ခုသာ ရှိသည်)။
ယခင်က တပ်မတော်ရေးရာ လုံခြုံရေးအဖွဲ့ခေါင်းဆောင်ဖြစ်သူ ဒု ဗိုလ်ချုပ်ကြီးမြင့်ဆွေက ဗိုလ်ချုပ်သန်းရွှေ၏ လက်စွဲ ဖြစ်သည်။ သူ့ကို ယခုကဲ့သို့ တာဝန်ပေးလိုက်သည်မှာလည်း ပို၍အဆင့်မြင့်သော တပ်မတော်ရာထူးများအတွက် ဆက်လက် တာဝန်ယူနိုင်ရန် လမ်းခင်းပေးလိုက်ခြင်းလည်း ဖြစ်သည်။ အထူးစစ်ဆင်ရေးအဖွဲ့ (၅) က ရန်ကုန်တိုင်းကို တာဝန်ယူရပြီး ၎င်း၏ လက်အောက်တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် တပ်မှူးကို ထည့်သွင်းတာဝန်ပေးခဲ့သည်။
ဗိုလ်ချုပ်သန်းရွှေက ၎င်းယုံကြည်သော ဗိုလ်ချုပ်များကိုလည်း စစ်ရုံးချုပ်တွင် ထည့်သွင်းတာဝန်ပေးခဲ့ပြန်သည်။ စစ်တပ် အတွင်း နံပါတ် (၃) ဟု လူအများယူဆထားသူ ဗိုလ်ချုပ်ကြီးသူရရွှေမန်းသည်လည်း ဗိုလ်ချုပ်သန်းရွှေနှင့် နီးစပ်သူဟု ဆိုကြပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တာဝန်ဆက်ခံရန် လျာထားသူဟုလည်း ဆိုသည်။
ဤလေးလပတ်အစည်းအဝေးတွင် ဗိုလ်ချုပ်သန်းရွှေနှင့် ၎င်း၏လက်ထောက် တပ်မတော် (ကြည်း) ဦးစီးချုပ် ဒု ဗိုလ်ချုပ် မှူးကြီး မောင်အေးတို့အကြား သဘောတူညီမှုရခဲ့ကြပြီး အရေးပါသောနေရာများတွင် ၎င်းတို့အသီးသီး၏ သစ္စာခံတပ်မှူး များကို ခန့်အပ်ထားခဲ့ကြသည်။
ဥပမာအားဖြင့် ယခင်အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြင့်လှိုင် (ဗိုလ်ချုပ်မောင်အေး၏ ကိုယ်ရေး လက်ထောက် တာဝန်ထမ်းဖူးသူနှင့် ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ခင်ညွန့်၏ ကျဆုံးခန်းကို ဖန်တီးအစပျိုးခဲ့သူ) ကို ဒု ဗိုလ်ချုပ်ကြီးတာဝန် တိုးမြှင့်ခန့်ထားခဲ့ပြီး လေကြောင်းရန်ကာကွယ်ရေး စစ်ဌာနချုပ်၏ ဦးစီးချုပ်အဖြစ် ခန့်ထားခဲ့သည်။ ဤတာဝန်မှာ ဗိုလ်ချုပ်စိုးဝင်း ၀န်ကြီးချုပ်မဖြစ်မီက ထမ်းဆောင်ခဲ့သောတာဝန်လည်း ဖြစ်သည်။ ယခုအချိန်တွင်တော့ ဗိုလ်ချုပ်စိုးဝင်းလည်း နာမကျန်းဖြစ်ကာ စင်္ကာပူနိုင်ငံတွင် ဆေးကုသမှုခံယူနေရသည်။
ယခင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးဖြစ်သူ ဗိုလ်ချုပ် ရဲမြင့်ကိုလည်း ဒု ဗိုလ်ချုပ်ကြီးတာဝန်တိုးမြှင့်ခဲ့ပြီး တပ်မတော် လုံခြုံရေးတပ်ဖွဲ့ ဦးစီးအဖြစ် တာဝန်ပေးအပ်ခဲ့သည်။ သူသည်လည်း ဗိုလ်ချုပ်မောင်အေးနှင့် နီးစပ်သူဖြစ်သည်။
ဗိုလ်ချုပ်သန်းရွှေ၏ လူများကလည်း ကာကွယ်ရေးဝန်ကြီးဌာနတွင် နေရာယူနိုင်ခဲ့ကြသည်။ ၂၀၀၆ ခုနှစ် စုံညီအစည်းအဝေး တွင် ဗိုလ်ချုပ်သူရရွှေမန်းနှင့် နီးစပ်သူ ဗိုလ်မှူးချုပ် တင်ငွေကို စစ်ဦးစီးအရာရှိချုပ် တာဝန်ပေးခဲ့သည်။ ထို့အပြင် သတင်းများ အရ ဗိုလ်ချုပ်သူရရွှေမန်းက ဗိုလ်ချုပ်မောင်အေးနှင့် ဆက်ဆံရေးကောင်းမွန်အောင် ထိန်းထားသည်ဟု ဆိုကြသည်။
သတင်းများအရ ဗိုလ်ချုပ်သန်းရွှေက ဗိုလ်ချုပ်မြင့်ဆွေ၊ စက်မှုဝန်ကြီး ဦးအောင်သောင်း။ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးသောင်း၊ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး၊ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းတို့နှင့်လည်း ပုံမှန်တွေ့ဆုံ၍ အစည်းအဝေးများ လုပ်လေ့ရှိသည်ဟုဆိုသည်။
၂၀၀၃ ခုနှစ် မေလက ဒီပဲယင်းတွင်ဖြစ်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ယာဉ်တန်းကို အကြမ်းဖက်တိုက်ခိုက်ခဲ့မှု တွင် ဗိုလ်ချုပ်သန်းရွှေက မီးစိမ်းပြခွင့်ပြုခဲ့ကြောင်းလည်း လူအများက ကျယ်ကျယ်ပြန့်ပြန့်ယုံကြည်နေကြသည်။ ထို့အပြင် ယခုနှစ် သြဂုတ်လတွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများတွင်လည်း ဦးအောင်သောင်းနှင့် ဦးသောင်းတို့က လူရမ်းကားများ စုဖွဲ့၍ စီစဉ်ဆောင်ရွက်ခဲ့ကြသည်ဟု ဆိုသည်။
လေ့လာသူများအဆိုအရ ဗိုလ်ချုပ်မောင်အေးနှင့် ၎င်း၏သစ္စာခံများ ဘေးဖယ်ထားခံနေကြရပြီး သြဇာလည်း ကျဆင်းလာ နေခဲ့သည်ဟု ယုံကြည်ကြသည်။ အချို့သော သံတမန်သတင်းရပ်ကွက်များအဆိုအရ ယခင်က ရှမ်းပြည်နယ် အရှေ့ပိုင်း တိုင်း တိုင်းမှူးတာဝန်ယူခဲ့ဖူးသူ ဗိုလ်ချုပ်မောင်အေးက သူ၏အထက်တပ်ချုပ်ကြီးကို ဆန့်ကျင်၍ လှုပ်ရှားမှုများပြုရန် ဆန္ဒ နည်း၍ တုံ့ဆိုင်းနေကြောင်းလည်း ဆိုကြသည်။ အကယ်၍ တပ်ချုပ်ကြီးကို ဆန့်ကျင်ဆောင်ရွက်ခဲ့လျှင်သော်မှ သူကျဆုံး ရန် အလားအလာရှိပြီး ထုတ်ပယ်ခံရဖွယ်လည်း ရှိနေသည်။
မကြာသေးမီက ဗိုလ်ချုပ်မောင်အေးက ၎င်း၏ ကုန်သွယ်ရေးကောင်စီဥက္ကဋ္ဌရာထူးကို စွန့်လွှတ်ခဲ့ရသေးသည်။ ဤသို့ရာထူး တာဝန်စွန့်လွှတ်စေရန် အတင်းအကျပ်ခိုင်းစေခဲ့ခြင်း ရှိ မရှိ ကတော့ မသေချာလှပါ။
အချို့သော အရာရှိများက ယုံကြည်နေကြသည်မှာ ဗိုလ်ချုပ်သန်းရွှေနှင့် ဗိုလ်ချုပ်မောင်အေး အကြားသဘောထားကွဲလွဲမှု များရှိနေပြီး အထူးသဖြင့် အနာဂတ်နိုင်ငံရေးတွင် တပ်မတော်က ပါဝင်ပတ်သက်နေ့မည့် အခန်းကဏ္ဍနှင့် ပတ်သက်၍ ဖြစ် သည်။ စစ်တပ်ပြုပြင်ပြောင်းလဲရေး အစီအစဉ်များတွင်လည်း သဘောထားကွဲလွဲနေကြသေးသည်ဟု ဆိုသည်။
၁၉၉၆ ခုနှစ်မှစ၍ ဗိုလ်ချုပ်မောင်အေးက တပ်မတော်ခေါင်းဆောင်ပိုင်း သွေးသစ်လောင်းရေး အစီအစဉ်အနေဖြင့် စစ် တက္ကသိုလ် (ဒီ-အက်စ်-အေ) ကျောင်းဆင်းများဖြင့် ထည့်သွင်းခန့်ထားလိုသည်ဟု ဆိုကြသည်။ သူကိုယ်တိုင်ကလည်း စစ် တက္ကသိုလ် ပထမပတ်သင်တန်းဆင်း ဖြစ်သည်။
သို့သော်လည်း သူ၏အကြံကို ဗိုလ်ချုပ်သန်းရွှေ အုပ်စုများက သဘောမတွေ့လှ အတိုက်အခံပြုကြသည်။ ဗိုလ်ချုပ် မောင်အေးက ယခင်ကာလများက ကာကွယ်ရေးဝန်ကြီးဌာနကို ကွပ်ကဲခဲ့ရသော်လည်း ယခုအခါတွင် အနီး၌ ဗိုလ်ချုပ် သန်းရွှေ ရာထူးတိုးမြှင့်ခန့်ထားပေးလာသော အငယ်တန်းအရာရှိများဖြင့် ၀န်းရံထိန်းချုပ်ခံနေရပြီ ဖြစ်သည်။
ဗိုလ်ချုပ်သန်းရွှေက ဗိုလ်လောင်းသင်တန်း (အို-တီ-အက်စ်) အမှတ်စဉ် (၉) မှ ဆင်းလာသူဖြစ်ပြီး ၁၉၈၀ ခုနှစ်များ၌ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် ကွပ်ကဲဦးစီးခဲ့ရသည်။
ဤဗိုလ်ချုပ်နှစ်ယောက်စလုံးက လက်ရှိစစ်အစိုးရအတွင်းတွင် ၁၉၈၈ ခုနှစ် ယခင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက် ရေးအဖွဲ့ (န၀တ) ကာလ ကတည်းက တာဝန်ယူလာသူများ ဖြစ်ကြသည်။ နောက်ပိုင်း ၁၉၉၇ ခုနှစ်တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) အဖြစ်ပြောင်းလဲ ဖွဲ့စည်းစဉ် တလျှောက်လုံး ပါဝင်ဦးဆောင်လာသူများ ဖြစ် ကြသည်။
ဤဗိုလ်ချုပ်ကြီးနှစ်ယောက်က ယခုအခါရန်ကုန်မြို့တွင်းသို့ ငရဲခွေးများ ကြိုးဖြေလွှတ်ပေးခဲ့ပြီး ယခင်မြို့တော်ဟောင်း ရန်ကုန်နှင့် မြန်မာပြည် တနံတလျား လမ်းမများပေါ်တွင် သွေးများစွန်းထင်းစေခဲ့လေပြီ။
ဧရာဝတီမှကူးယူဖေါ်ပြသည်။
Posted by
Andaman Hero
at
4:06 AM
0
comments
Labels: ကိုယ့်အကြိုက်