Showing posts with label from irrawaddy website. Show all posts
Showing posts with label from irrawaddy website. Show all posts

Saturday, April 19, 2008

Saturday, April 19, 2008

အနုပညာရှင်များ ဆက်တိုက် အဖမ်းအဆီးခံနေရ
အေးချမ်းမြေ့ | ဧပြီ ၁၈၊ ၂၀၀၈

မြန်မာစစ်အစိုးရသည် စက်တင်ဘာအရေးတော်ပုံနောက်ပိုင်းမှစ၍ နိုင်ငံရေးသမားများအပြင် ဒီမိုကရေစီအရေးကိစ္စရပ် များတွင် ပါဝင်ကူညီခဲ့သူ နာမည်ကြီးအနုပညာသည်များကိုပါ ဆက်တိုက် ဖမ်းဆီးလျှက်ရှိသည်။


ရန်ရန်ချန်း
ထိုသို့ ဖမ်းဆီးရာတွင် စာရေးဆရာများ၊ ကဗျာဆရာများ၊ အဆိုတော်များ၊ ဂျာနယ်လစ် များနှင့် အခြားသော အနုပညာနယ်ပယ်အသီးသီးမှ တက်ကြွလှုပ်ရှားသူများ ပါဝင်သည်။

ယခုနောက်ဆုံး မြန်မာနိုင်ငံ၏ နာမည်ကြီးဟစ်ဟော့ အနုပညာရှင်တဦးဖြစ်သူ ရန်ရန်ချန်းကို ပြီးခဲ့သည့် သင်္ကြန်အတက်နေ့၊ ကြာသပတေးနေ့ နံနက်အစောပိုင်းက မုံရွာမြို့တွင် ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း ဒေသခံတဦး၏ ပြောပြချက်အရသိရသည်။

ရန်ရန်ချန်းနှင့်အတူ ၎င်း၏ အမျိုးသမီးမိတ်ဆွေမမီးမီးကိုပါ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း ထိုဒေသခံ ကဆက်ပြောသည်။

ရန်ရန်ချန်း၏ သူငယ်ချင်းဖြစ်သူ ဟစ်ဟော့အနုပညာသမားတဦးဖြစ်သည့် ဇေယျာသော် အဖမ်းအဆီးခံခဲ့ရပြီး နောက်ပိုင်းတွင် ၎င်းတို့ ဟစ်ဟော့အဖွဲ့ဝင်များကို စစ်အစိုးရက စောင့်ကြည့်နေသဖြင့် မမီးမီး၏ သူငယ်ချင်း နေအိမ်ရှိရာမုံရွာမြို့သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရန်ရန်ချန်း၏ သူငယ်ချင်းအဆိုတော်တဦးက ပြောပြသည်။

ဇေယျာသော်ကို ဖေဖော်ဝါရီလကုန်ပိုင်းက ဖမ်းဆီးသွားခဲ့ပြီး အင်းစိန်ထောင်တွင်ချုပ်နှောင်ထားကာ ယခုချိန် ထိတရားရုံးသို့ မတင်သေးကြောင်း ၎င်းကဆက်ပြောသည်။

ရန်ရန်ချန်းသည် မြန်မာနိုင်ငံ၏ ပထမဆုံးသော ဟစ်ဟော့အဖွဲ့ဖြစ်သည့် အက်ဆစ် အဖွဲ့ဝင်တဦးဖြစ်ပြီး ထိုအဖွဲ့ကို ရန်ရန်ချန်းနှင့် အခြားသူငယ်ချင်းများဖြစ်ကြသော အနဂ္ဃ၊ ဇေယျာသော်၊ ဟိန်းဇော်တို့နှင့် အတူ ၂၀၀၀ ပြည့် နှစ်ကုန်ပိုင်းတွင် စတင်ထူထောင်ခဲ့ကြသည်။

မြန်မာစစ်အစိုးရအနေနှင့် နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားမှုများတွင် အားပေးကူညီသည့် အနုပညာရှင်များနှင့် ဘလော့ဂါအများအပြားကို စက်တင်ဘာအရေးအခင်းနောက်ပိုင်း ဆက်တိုက်ဖမ်းဆီးခဲ့ရာ ယခုအခါ ပြည်လုံးကျွတ်ဆန္ဒခံယူ ပွဲနှင့် နီးကပ်လာချိန်တွင် မတိုင်မီ ဖမ်းဆီးမှုများပိုစိပ်လာခဲ့သည်။

၂၀၀၇ နိုဝင်ဘာ ၂၇ ရက်နေ့ကလည်း မြန်မာနိုင်ငံ၏ထင်ရှားသော ဂီတအနုပညာရှင်တဦးဖြစ်သူ ကိုဝင်းမော်နှင့် အခြားသော အဆိုတော်နှစ်ဦးတို့ လက်ဖက်ရည်ဆိုင်တွင်ထိုင်နေစဉ် စစ်အစိုးရက ဖမ်းဆီးသွား ခဲ့သည်။

ကိုဝင်းမော်သည် ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းတွင် ထင်ရှားလာသော ရွှေသံစဉ်တေးဂီတအဖွဲ့၏ ဂီတမှူးဖြစ်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံသော သီချင်းများ ရေးသားခဲ့သဖြင့် အဖမ်းအဆီးခံခဲ့ရခြင်းဖြစ်သည်။

ယခုနှစ် ဇန်နဝါရီလကလည်း နာမည်ကြီး ဘလော့ဂါတဦးလည်းဖြစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူငယ် အဖွဲ့ဝင် တဦး လည်းဖြစ်သူ ကိုနေဘုန်းလတ်ကို ဖမ်းဆီးခဲ့သည်။ ကိုနေဘုန်းလတ်သည် ရန်ကုန် ပန်းပဲတန်း မြို့နယ်တွင် အင်တာနက် ကဖေးဆိုင်တဆိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် အင်တာနက်ကဖေးဆိုင်နှစ်ဆိုင် ဖွင့်ထားသူဖြစ်သည်။ [Top]
ယခင်သတင်းများ

အပြည့်အစုံသို့...