Showing posts with label poem. Show all posts
Showing posts with label poem. Show all posts

Tuesday, September 9, 2008

လွမ်းဆွတ်အမှတ်တရ စနေ



လွမ်းဆွတ်အမှတ်တရ စနေ
ကမာပုလဲ


အဲဒီနေ့က
ကမ္ဘာကြီးဟာ စနေနေ့ ဖြစ်သွားတယ်။

စနေနေ့ဟာ
ပန်းသွေးရောင် အနွေးအင်္ကျီတထည်ဖြစ်တယ်
စက်ဘီးကလေးတစီးဖြစ်တယ်
သနပ်ခါး ပါးကွက်ကြားနဲ့
ညိုညိုချောချော ကောင်မလေးလည်းဖြစ်တယ်
(ကျနော့်ဘက်က တဘက်သတ်ချစ်နေလို့ ဖြစ်ချင်ဖြစ်မှာပေါ့)။

အဲဒီစနေနေ့ဟာ
မနက်ဖြန်ကို ချရောင်းနေတဲ့ လူတွေကို ထမ်းပိုး
စကားကြီး စကားကျယ်ပြောနေတဲ့
လူ့လျှောမွေးတွေ အလေ့ကျပျော်ရာ
မြိုင်သာယာလည်းဖြစ်တယ်။

အဲဒီစနေနေ့ဟာ
ဘ၀ကို
ရင်းစားစရာ ခန္ဓာကိုယ်ကလွဲလို့
တလွဲဆံပင်ကောင်းနေတဲ့ လူတွေ
တွင်ကျယ်နေတဲ့အရပ်ဖြစ်တယ်။

အဲဒီစနေနေ့ဟာ
ရေလောင်းပေါင်းသင်ဖို့ကို မေ့နေတဲ့
ဥယျာဉ်မှူးတယောက်ရဲ့လက်ထဲ
နွမ်းလျရင်ကွဲနာကျနေတဲ့
ပန်းတပွင့်ရဲ့ အနာဂတ်ဖြစ်တယ်။

အဲဒီစနေနေ့ဟာ
ဖူးရမလို ပွင့်ရမလို
ငုံရမလို မြုံရမလို
ရေမ၀တဲ့ မိခင်နို့အုံကို
အတင်းငုံကာ စို့နေတဲ့
ကလေးတယောက်လို ခရေပွင့်လေးတွေဖြစ်တယ်။

အဲဒီစနေနေ့ဟာ
လွတ်မြောက်ရေးတိုက်ပွဲတွေဖြစ်တယ်။

အဲဒီစနေနေ့ဟာ
အလံတလက်ဖြစ်တယ်။

အဲဒီစနေနေ့ဟာ
သမိုင်းဖြစ်တယ်။

အဲဒီစနေနေ့ဟာ
အသစ်အသစ်တွေဖြစ်တယ်။

အဲဒီစနေနေ့ဟာ
တိုင်တည်သစ္စာတေးတွေဖြစ်တယ်။

အဲဒီစနေနေ့ဟာ
သူရဲကောင်းတွေ ကျဆုံးတဲ့နေ့ဖြစ်တယ်။

အဲဒီစနေနေ့ဟာ
လမ်းခွဲတွေဝေ အဆိပ်သင့်ညနေတွေဖြစ်တယ်။

အဲဒီစနေနေ့ဟာ
သေတနေ့ ရှင်တနေ့ကို
ငတ်မွတ်စိမ်ခေါ်နေတဲ့နေ့ဖြစ်တယ်။

အဲဒီစနေနေ့ဟာ
ညောင်ညိုပင် လမ်းခွဲနေတဲ့နေ့ဖြစ်တယ်။

အဲဒီစနေနေ့ဟာ
ရန်သူစစ်စစ်နဲ့ မိတ်ဆွေစစ်စစ်ကို
ခွဲခြားနေတဲ့နေ့ဖြစ်တယ်။

အဲဒီစနေနေ့ဟာ
အနာဂတ်စစ်စစ်ကို မွေးဖွားဖို့
သစ္စာတရားကို ကိုယ်ဝန်ဆောင်တဲ့နေ့ဖြစ်တယ်။

အဲဒီစနေနေ့ဟာ
အနှစ်နှစ်ဆယ်မြောက်ခဲ့ပြီလည်းဖြစ်တယ်။

စနေနေ့ဟာ
ပန်းသွေးရောင် အနွေးအင်္ကျီတထည်
စက်ဘီးကလေးတစီး
သနပ်ခါးပါးကွက်ကြားနဲ့
ညိုညိုချောချော ကောင်မလေးတယောက်လည်းဖြစ်တယ် ။ ။

ကမာပုလဲ
၂၀၀၈

Posted by ဒေါက်တာလွဏ်းဆွေ at 12:50 AM

အပြည့်အစုံသို့...

Saturday, September 6, 2008

မိုးစိမ်း

ကမာပုလဲ


မိုးတွေ
သည်းသည်းလှုပ်အောင် ရွာသွန်းခဲ့တဲ့
လွန်ခဲ့သော အနှစ်နှစ်ဆယ်က …။

ငါတို့
ဆုလာဘ်အဖြစ် ရထားတဲ့
မြေကမ္ဘာပေါ် …
ဘ၀တွေ ရွှဲရွှဲစိုအောင်
ရွာခဲ့ဖူးတယ်။

အဲဒီကစလို့
အားကောင်းမောင်းသန် ဖူးပွင့်ခဲ့တဲ့
အိပ်မက်တူရာ ချစ်သူများ …။

ခုတော့
မိုးက …
ရွာပုံလည်း မရိုးဘူး
သည်းပုံကလည်း တိုရေရှားရေ
ဒီလို … တစစနဲ့
ရှားပါးပျောက်ကွယ် ပျော်ရွှင်ဖွယ်ရာနေ့ရက်များ …
အချစ်ရေ …
မိုးကပဲ … ကန္တာရဆန်နေသလား
ဒို့တတွေကပဲ
အိပ်မက်တွေအပေါ် သစ္စာဖောက်နေတာလား
ဖြေကွယ် … ။ ။

ကမာပုလဲ

Posted by ဒေါက်တာလွဏ်းဆွေ at 2:21 AM

from Dr.Lun Swe Blog

အပြည့်အစုံသို့...

Tuesday, April 22, 2008

အမွေ

နေ၀င်လိုက် ၊ လထွက်လိုက်နဲ့ 
နှစ်တွေသာ ၊ အလီလီပြောင်းခဲ့တယ်။

မင်းတို့ အဖိုး ၊ မင်းတို့ အဖေတွေ
ကယ်တင်ရှင်ကိုစောင့်ရင်း ၊ အိပ်မက်ထဲအချိန်ကုန်ခဲ့တယ်။

မင်းတို့ ခေတ် ၊ ဂလိုဘယ်လိုက်မှာ
စစ်ဘီလူးတွေကိုဖယ်ရှားနိုင်ကာမှ
တို့ တိုင်းပြည်အနာဂါတ် ၊ အာရှမှာရင်ဘောင်တန်းနိုင်မယ်။

မင်းတို့ လည်း ၊ စိတ်ကူးယဉ်ပြီး
ပိုက်တရာ ၊ ဘောဒ်ဂါနဲ့ အချိန်ဖြုန်းနေရင်
စစ်ကျွန်ဘ၀ဆိုးမွေကိုသာ ၊ မင်းတို့ သား ၊ မြေးတွေကို
လက်ဆင့်ကမ်းနိုင်မှာ။

အိုက်စံ မွန်းလွဲ ၃း၁၅ ( ၂၃ ၊ ၁၁ ၊ ၂၀၀၇ )

အပြည့်အစုံသို့...

ထွက်ရပ်

ဒုက္ခ တာရှည်
တို့ တတွေ
သက်စွန့် ရုန်းထွက်ကြ။

အိုက်စံ
မွန်းလွဲ ၂း ၀၀ ( ၂၃ ၊ ၁၁ ၊ ၂၀၀ရ )

အပြည့်အစုံသို့...

အာဏာရှင်တွေရဲ့နေ၀င်ချိန်

ဥဒယ

မလွတ်လပ်ခဲ့ကြတာက ၊ လွတ်လပ်ရေးရကထဲကပေါ့၊
အကြံဥာဏ်တွေပက်စက် ၊ လိုချင်ရင်တိုက်ဟဲ့လို့ ၊
အာဏာရုးတွေ ၊ ရန်မီးမွှေးခဲ့ကြလို့ ပေါ့ ။

အမိမြေဟာဒါဏ်ရာဗလပွ ၊ ညီနောင်တွေကွဲကြ ၊
ငါမနိုင်ရင် ထပ်ပြီးရွေး ၊ ပွေလိမ်ရှုပ်တဲ့မျိုးစေ့ ၊
ချခဲ့တာ နိုင်ငံရေးပဏ္ဍိတ ၊ အဲဒီကထဲကပေါ့ ။

အစမကောင်းလို့ ၊ အနှောင်းမသေချာ ၊
လက်ထောက်ချလို့  ၊ စစ်ခွေးကိုလမ်းပြ ၊
ဓါးပြတိုက်ခံလိုက်ရတာ ၊ တို့ ဘိုးဘွားအိမ်ပေါ့ ။

ဇူလိုင် စက်တင်ဘာ ၊ အဖိုးကနေမြေး ၊
ကျွန်သက်ကရှည် ၊ အရှုံးနဲ့ တိုက်နေရပေမဲ့ ၊
တော်လှန်တဲ့မျိုးဆက် ၊ တို့ လက်ထက်မှာ ၊
စစ်မျိုးကိုဖြုတ်ခဲ့မယ် ၊ မင်းတို့ ရဲ့နေ၀င်ချိန်ရောက်ပြီ .. ဟေ့ ….

၂၃.၁၂.၂၀၀၇ နံနက် ၂း ၀၅


မှတ်ချက် ။ ။ ဇူလိုင်သည် ၁၉၆၂ ဇူလိုင် ၇ ကိုဆိုလိုသည်။
စက်တင်ဘာသည် ၂၀၀၇ စက်တင်ဘာကိုဆိုလိုသည်။

အပြည့်အစုံသို့...

Sunday, April 20, 2008

အပြည့်အစုံသို့...