Tuesday, September 13, 2011

အကျဉ်းထောင်မှပေးစာ

မြန်မာနိုင်ငံ
နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက်
မော်လမြိုင်အကျဉ်းထောင်တွင်းရှိအကျဉ်းသားများ၏အခွင့်အရေးချိုးဖောက်ခံရမှုများအားတင်ပြချက်

သို့
ပြည်ထဲရေးဝန်ကြီး
ပြည်ထဲရေးဝန်ကြီးဌာန

အချုပ်ဆောင်တန်းစီးခင်စိန်သည်အချုပ်တွင်အချုပ်သားများအား(အချုပ်သားများအားအလုပ်ဘုတ် ချခြင်းကိုဆိုလိုသည်)ဘုရားဘုတ်တွင်ချထားပေးလိုစေချင်ရင်ငွေ၁၅၀၀၀၀ကျပ်တောင်းပါသည်။
တောင်ယာဘုတ်တွင်၁၀၀၀၀၀ကျပ်ပေးရသည်။အတင်းအဓမ္မတောင်းခံ၍မရသောသူများအားမိလ္လာ၌
အလုပ်လုပ်ခိုင်းခြင်းကိုဆောင်ရွက်ပါသည်။ထို့အပြင်လောင်းကစားဝိုင်းများအကောက်ကောက်၍ပြုလုပ်
ပါသည်။လောင်းကစားဝိုင်းတွင်ရှုံးသွားသောသူများပိုက်ဆံမရှိတော့လျှင်တန်းစီးခင်စိန်မှငွေထုတ်ပေးပြီး အတင်းအဓမကစားခိုင်းခြင်းဖြစ်သည်။

၎င်းငွေအားယူသူသည်ထောင်ဝင်စာလာလျှင်၎င်းတန်းစီးကထောင်ဝင်စာလာသူ၏အိမ်မှအတင်းအဓမ္မမရ မကတောင်းယူပါသည်။၎င်းလောင်းကစားဝိုင်းကြေးကဂဏန်း၂လုံးရှိသည်။(ဖဲဝိုင်း၊ကြွေဝိုင်း၊အံဂလုံဝိုင်းများ) ရှိ။အာဏာပိုင်များသိသော်လည်းဘာမျှမလုပ်။မလုပ်ရခြင်းကဆတ်ကြေးပေးထား၍ဖြစ်ပါသည်။ထို့အပြင် ထိုတန်းစီးသည်အမျိုးသမီးဆောင်သို့ညဖက်မှလွဲ၍မည်သည့်အချိန်မဆိုဝင်ထွက်ခွင့်ရစေရန်ထောင်ပိုင်ဖြစ် သူဦးအေးကိုကိုအား၁၇သိန်းပေး၍၀င်ထွက်လျှက်ရှိပါသည်။၎င်းမွေးထားသောအချုပ်သားများအားရုံးပြန် လာလျှင်(တရာရုံး)မူယစ်ဆေးဝါး(မြင်းဆေး-စိတ်ကြွဆေးရာမ)သွင်းပြီးပြန်ရောင်းသည်။၁လုံးပေါက်ဈေး ၇၀၀၀ကျပ်ရှိပါသည်။ထို့အပြင်အချုပ်သားများအားရုံးထုတ်သောနေ့များ၌မိမိလိုအပ်သောပစ္စည်းများထောင် အတွက်လိုအပ်သောပစ္စည်းများကိုဝယ်လာခိုင်းပါသည်။ရုံးထွက်သူအချုပ်သားများကျေနပ်သည်ဖြစ်စေ မကျေနပ်သည်ဖြစ်စေကြောက်၍၀ယ်လာပေးရသည်။နိုင်ငံ၏ဉပဒေတွင်၎င်း၊အကျဉ်းထောင်လက်စွဲစာအုပ် တွင်အချုပ်သားများအားအလုပ်လုပ်မခိုင်းစေရန်ရှိပါသော်လည်း၊
တန်းစီးခင်စိန်မှထောင်ပိုင်ကြီးအားသိန်းဆယ်ဂဏန်းဖြင့်ပံ့ပိုးပေးသည့်အပြင်၊အကျဉ်းထောင်အာဏာပိုင်၊
ထောင်မှူး၊ထောင်မှူးကြီးနှင့်အခြားဝန်ထမ်းများအားလိုအပ်သလိုထောက်ပံ့(လာဘ်ထိုး)လျှက်ရှိနေပေသည်။
ကျန်းမာရေး(ဆေးရုံ)
ကျန်းမာရေးမကောင်းသူများအားဆေးရုံဆောင်တွင်ထားရှိသော်လည်းတခြားလိုင်းသမားများလည်းငွေပေး၍ဆေး
ရုံဆောင်တွင်နေထိုင်လျှက်ရှိပါသည်။ဆေးရုံဆောင်တွင်နေထိုင်လိုသောအကျဉ်းသားကကျပ်၅သောင်းမှ၁သိန်းကြား
ပေးရပြီးဆေးရုံကြီးကြပ်သူတာဝန်ခံကိုလည်းလစဉ်၃၀၀၀၊၅၀၀၀နှင့်၁၀၀၀၀ပေးရသုများစွာရှိပါသည်။အမှန်တကယ်
ရောဂါခံစား၍ဆေးရုံရောက်နေသော်လည်းဆရာဝန်သည်၊မိမိအိမ်သို့လာရောက်သောလူနာများကိုသာအလေးထား
ဆေးကုသပေးပါသည်။ထို့အပြင်အချို့သောလူသေမှုကိစ္စများတွင်လည်းထောင်ပိုင်ပြဿနာမဖြစ်စေရန်အတွက် လူကောင်းကိုအရူးပါဟုဆေးမှတ်ချက်ပေးခြင်းများလည်းရှိပါသည်။သြဂုတ်လအတွင်းကိုယ့်ကိုယ်ကိုသတ်သေမှုတစ်ခု
၊ဆေးရုံတွင်လေဖြတ်ပြီးဉီးနှောက်သွေးကြောပိတ်၍သေဆုံးခြင်းများ၊သက်ကြီးဆောင်တွင်အသက်၇၀ကျော်လေဖြတ်
နေသောလူတစ်ဦးသေဆုံးခြင်းများဖြစ်သည်။
အိပ်ဆောင်ဝင်း
ထောင်ကျနေသောသူများအားအိပ်ဆောင်ဝင်းသို့ရောက်ရှိသောပုံစံခန်း၌နေစဉ်အတွင်းပိုက်ဆံတတ်နိုင်သောသူများ
ကိုအလုပ်မလုပ်ကိုင်စေရန်အတွက်၅၀၀၀၀ကျပ်နှင့်၁၀၀၀၀၀ကြားကောက်ခံပါသည်။ ထို့အပြင်ရဲဘက်စခန်းသို့မထွက်ချင်လျှင်၃သိန်းမှ၅သိန်းထအိပေးရပါသည်။၎င်းရရှိသောငွေများကိုထောင် ပိုင်သို့တစ်ဉီးလျှင်၂၅၀၀၀(သို့)၃၀၀၀၀ခန့်ပေးရပါသည်။နောက်ထောင်လက်အောက်ရှိစခန်းများကို ရဲဘက်ထုတ်လျှင်အကျဉ်းသားများထံမှပေးပို့နိုင်သူများထံမှဓါတ်မြေသြဇာ၂အိတ်မှ၁၀အိတ်အထိပေးရပါ သည်။နဲနဲပေးနိုင်သူများကအနဲဆုံး၂အိတ်ပေးရပါသည်။အိတ်ဆောင်များတွင်ဖဲဝိုင်းများနေစဉ်ပြုလုပ်ခြင်း၊ အရက်များသွင်း၍တန်းစီးစည်းကမ်းထိန်းများကအဆီတစ်လုံး၁၂၀၀၀ကျပ်ပေးရပါသည်။
ဝင်းတန်းစီးများ
ဝင်းတန်းစီးဖြစ်သူဘောကြီး(ခ)မြင့်စိုး(နှစ်အကန့်အသတ်မရှိ၊ဆေးမှုး)သည်ထောင်၏အဓိကကျသောအ ပိုင်းမှာရှိသည်။ထောင်ပိုင်အတွက်ငွေရှာပေးခြင်းအကျဉ်းသားများအားအတင်းအဓမ္မငွေတောင်းခံခြင်းများ ကိုပြုလုပ်ပေးနေသောအဓိကလူဖြစ်ပါသည်။ထို့အပြင်(မိလ္လာများဆောက်လုပ်ခြင်း၊ဓမ္မာရုံဆောက်လုပ်ခြင်း၊ လမ်းများခင်းခြင်း)များတွင်အကျဉ်းသားများထံမှလိုအပ်သောအုတ်၊ဘိလပ်မြေ၊သဲများကောက်ခံ၍တည်
ဆောက်ပေးပါသည်။ထို့အပြင်အကျဉ်းသားများအားဖိနှိပ်၍တာဝန်ခံဝန်ထမ်းများအားမျက်နှာလုပ်ပြီးအ သက်ဆက်လျှက်ရှိပါသည်။ဝင်းတန်းစီးမြင့်စိုးသည်တစ်ပတ်ထောင်ဝင်စာတစ်ခါတွေ့လျှင်အိမ်ရှိမိသားစုထံ သို့၅သောင်းထောက်ပံ့ပေးလျှက်ရှိသည်။ထို့အတူအချုပ်တန်းစီးခင်စိန်သည်လည်း၃လတစ်ကြိမ်ထောင်ဝင် စာတွင်အိမ်သို့၁၅သိန်းခန့်ပြန်လည်ထောက်ပံ့လျှက်ရှိသည်ထောင်ပိုင်ဖြစ်သူကထောင်ပြုပြင်ရန်ပေးသော ဌာနဆိုင်ရာဘတ်ဂျက်အား၎င်း၏အိတ်ထဲသို့ထည့်၍တန်းစီးဆိုသူများကိုအကျဉ်းသားများထံမှအတင်းအဓမ္မ အလှူခံပြီးပြုပြင်စရာရှိတာများကိုပြုပြင်ပါသည်။ကောက်ခံငွေမရှိ သေးပါလျှင်လုပ်လက်စအလုပ်များရပ်သွား
ပါသည်။(ဉပမာအနေဖြင့်-ယခုထက်တိုင်မပြီးသေးဘဲရှိနေသည့်သီးခြားတိုက်၁/၂ရှိမိလ္လာအားလာရောက်စစ်
ဆေးကြည့်ရှုနိုင်ပါသည်။
ဈေးတိုက်(ရိက္ခာတိုက်)
အကျဉ်းသားများအတွက်စားရေးအတွက်ဆီတစ်နေ့၅ပိဿာထုတ်ပေးရမည့်အစား၊၃ပိဿာခွဲ
ထုတ်ပေးပြီး၊ဆန်တစ်နေ့လျှင်တစ်အိတ်ပိုပြခြင်း၊ပဲပိဿာ၄၅ပိဿာနေရာတွင်၃၂ပိဿာထုတ်
ပေးခြင်းနှင့်အခြားဟင်းချက်စရာများလည်း၎င်းကဲ့သို့ထုတ်ပေးလျှက်ရှီပါသည်။
၎င်းကိစ္စများကိုထောင်ပိုင်ကိုယ်တိုင်ပြုမူလုပ်ဆောင်ခြင်းဖြစ်သည်။ထို့အပြင်ထောင်တွင်းတည်
ဆောက်မှုဘတ်ဂျက်တင်ပြရာတွင်လည်းအကျဉ်းသားများ၏ငွေဖြင့်ဆောက်လုပ်ထားပြီးအထက်
ဌာနများမှချပေးသောဘတ်ဂျက်ငွေများကိုမိမိအိတ်ကပ်ထဲသို့ထည့်ခြင်းမှာရပိုင်ခွင့်သဖွယ်ဖြစ်နေ
ပါသည်။ဆန်၊ဆီ၊ပဲများမှာဦးရေပေါ်လိုက်၍ပြောင်းလဲရသော်လည်းထုတ်ပေးမှုမှာထိုပမာဏသာ
ဖြစ်သည်။(အကျဉ်းသားတိုးလာသော်လည်းထုတ်ပေးသည့်ပမာဏမှာဒုံရင်းဒုံရင်းသာဖြစ်သည်။
မီးဖို(အကျဉ်းသားများကျွေးရန်အတွက်ချက်ပြုတ်သည့်နေရာ)
ဈေးတိုက်မှထုတ်ပေးလိုက်သောဖိုတာဝန်ခံအကျဉ်းဦးစီးဝန်ထမ်းနှင့်ဖိုခေါင်းဆောင်အကျဉ်းသားများ
မှထပ်မံ၍ဖြတ်တောက်ကြပါသည်။(ဉပမာ-ဆီ၃ပိဿာခွဲတွင်တစ်ယောက်တစ်ပိဿာစီယူ၍အကျဉ်း
သားများစားဖိုချက်ရာတွင်၁ပိဿာခွဲဖြင့်ချက်ကျွေးကြပါသည်။)
ထောင်တွင်းတာဝန်ကျSB
ထောင်တွင်းတာဝန်ကျဦးဆန်းဦး(SB)ဆိုသူသည်လည်းရဲဝန်ထမ်းများထောင်ကျလာပါကကိုယ်တိုင်
ကိုယ်ကျပိုက်ဆံတောင်းခံခြင်းကြောင့်ထောင်ပိုင်နှင့်အမြဲလိုလိုသင့်မြတ်အောင်နေထိုင်ပြီးအကျဉ်းသား
များမှာပို၍ဆင်ရဲဒုက္ခကိုခံနေကြရပါသည်။
ထောင်တွင်းထောင်ပိုင်သည်အကျဉ်းသားများ၏ငွေကြေးများကိုလည်းရယူရုံသာမကထောင်တွင်းတည်
ဆောက်မှုဘတ်ဂျက်များတွင်လည်းထိုငွေများကိုရယူရုံသာမကအကျဉ်းထောင်သို့တရားဝင်လှူဒါန်းမှုများ ကိုပါ၎င်းကယူဆောင်လျှက်ရှိပါသည်။(ဉပမာ-၂၀၀၉ခုနှစ်၂လပိုင်းတွင်ရဲမှူးကြီးဦီးရွှေအေး(မော်လမြိုင်ခရိုင် ရဲတပ်ဖွဲ့မှ)အင်ဗာတာ၎လုံး၊ဘက်ထရီ၎လုံးနှင့်ငွေကျပ်၅သိန်းအားအကျဉ်းသားများအတွက်လှူဒါန်းပေးသော်
လည်းအကျဉ်းသားများထံသို့ရောက်မလာဘဲ၎င်း၏အိတ်ကပ်ထဲသို့သာရောက်သွားးပါသည်။
နောက်ဉပမာတစ်ခုက၂၀၁၀ဧပြီလတွင်ထောင်ပိုင်ဦးအေးကိုကိုရဲ့ရှင်ပြုအလှူလုပ်ပါသည်။ ၀န်ထမ်းသားသမီးများအချို့နှင့်၎င်း၏သားသမီးများလည်းပါသည်။ရှင်ပြုမည့်ဝန်ထမ်းများထံမှအလှူငွေ ထည့်ခိုင်းခြင်း၊အကျဉ်းသားများအားအလှူဆိုပြီးသီးစုံဟင်းနှင့်ငပိကျော်ကျွေးပါသည်။ကျွေးသည့်နေ့က တနဂ်နွေနေ့ဖြစ်ပါသည်။တနင်္ဂနွေနေ့တွင်ထောင်တွင်း၌နိုင်ငံတော်အသားစားကျွေးရမည်ဖြစ်ပါသည်။ ၎င်းထောင်ပိုင်ကနိုင်ငံတော်အသားစားမကျွေးဘဲ၎င်းကျွေးရမည့်အသားစားတန်ဖိုးငွေအား၎င်း၏အိတ် ကပ်ထဲသို့ထည့်လိုက်ပါသည်။အကျဉ်းသားများအားအနိုင်ကျင့်လိုက်ခြင်းဖြစ်ပါသည်။ထိုရက်တွင် ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဝင်းရောက်ရှိနေစဉ်ဖြစ်ပြီးညွှန်ချုပ်ကြီးမှာ၂၀၀၀၀၀ကျပ်လှူသွားသည် ဟုသိရပါသည်။နောက်တစ်ခုကအကျဉ်းသားကျော်ဉီး(ခိုးမှု)ဆိုသူကိုထောင်တွင်းရေစက်ကိုင၊် မီးပြင်နေသူအလုပ်ချထားပါသည်။၎င်းသည်ထောင်ပိုင်အားယုံကြည်မှုရယူထားသူဖြစ်သည်။ တစ်နေ့ညွှန်မှူးရုံးမီးပြင်ရန်ဆိုပြီးထောင်ဗူးဝမှဝန်ထမ်းတဦးနှင့်ညွှန်မှူးရုံးသို့ထွက်သွားပြီးပြန်
မလာဘဲထွက်ပြေးသွားပါသည်။ထိုကိစ္စအားဖုံးဖိထားပြီးအပြင်ဘုတ်ကထွက်ပြေးဟုစာရင်းပြထားပါသည်။ ၎င်းအကျဉ်းသားသည်နှစ်ကြီးကျသူလည်းဖြစ်ပြီးနောက်အမှုလည်းရင်ဆိုင်ရမည့်သူတစ်ယောက်ဖြစ်ပါ
သည်။
နိုင်ငံတော်အနေဖြင့်သန့်ရှင်းသောအစိုးရ၊လာဘ်စားမှုကင်းသောအစိုးရဖြစ်အောင်လုပ်နေသည်ဆိုလျှင် ယခုမော်လမြိုင်ထောင်တွင်ဖြစ်ပျက်နေသောအခြေအနေများကိုစုံစမ်းအရေးယူပေးပါရန်လေးစားစွာတင်ပြ
အပ်ပါသည်။

မော်လမြိုင်အကျဉ်းထောင်မှ
အကျဉ်းသားများ
နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက်
သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ(၁၂.၉.၂၀၁၁)
မှတ်ချက်။မော်လမြိုင်အကျဉ်းထောင်အတွင်းရှိအကျဉ်းသားများသည်၎င်းတို့ကြုံတွေ့နေရသော
ထောင်တွင်းဉပဒေချိုးဖောက်ခံရမှုများအားအဖြစ်မှန်တရာနည်းလမ်းကျစွာပေါ်ပေါက်ဖြစ်ထွန်းနိုင်ရေး
အတွက်ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးအစိုးရအားတင်ပြအရေးဆိုနေကြောင်းသိရှိရသည်။
နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက်
သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ( ၁၂.၉.၂၀၁၁)
(မော်လမြိုင်အကျဉ်းထောင်အတွင်းရှိအကျဉ်းသားများ၏တင်ပြတောင်းဆိုချက်မူရင်း၁၂.၉.၂၀၁၁)

No comments: