Wednesday, September 24, 2008

အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်အချို့လည်း ထောင်မှလွတ်







NEJ/ ၂၃ စက်တင်ဘာ ၂၀၀၈။ ။

ဦးဝင်းတင်နှင့်အတူ ယနေ့ပြန်လွတ်လာသည့် အခြားနိုင်ငံရေးအကျဉ်းသားများအနက် မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မေ၀င်းမြင့်၊ ကျောက်တန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသန်းငြိမ်း၊ စမ်းချောင်း မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးခင် မောင်ဆွေနှင့် တောင်ငူမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမြင့်တို့လည်း ပါဝင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးညဏ်ဝင်းက ပြောကြားသည်။

ဦးခင်မောင်ဆွေသည် ၁၉၉၄ ခုတွင် မြင်းခြံထောင်တွင် ထောင်ဒဏ် (၇) နှစ် ချမှတ်ခြင်းခံရပြီး၂၀၀၁ ခု အောက်တို ဘာတွင် ပြန်လွတ်ရမည့်သူဖြစ်သည်။ ဒေါက်တာမေ၀င်းမြင့်သည် ၁၉၉၇ ခုတွင် အင်းစိန်ထောင်၌ ထောင်ဒဏ် (၇) နှစ် ချမှတ်ခြင်းခံရပြီး ၂၀၀၄ ခု ဒီဇင်ဘာတွင် ပြန်လွတ်ရမည့်သူဖြစ်သည်။

ဒေါက်တာသန်းငြိမ်းသည် အကျယ်ချုပ်ခံနေရသည့် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်၏ ယောက်ဖတော်သူဖြစ်သည်။ ၁၉၉၇ ခုတွင် အဖမ်းခံရပြီး အင်းစိန်ထောင်၌ ထောင်ဒဏ် (၇) နှစ် ချမှတ်ခြင်းခံရသည်။ ဆက်တိုးသည့် ပြစ်ဒဏ်များအရ ၂၀၁၄ ခုတွင်မှ လွတ်ရမည့်သူဖြစ်သည်။

ဦးအောင်စိုးမြင့်မှာ တောင်ငူ မဲဆန္ဒနယ်အမှတ် (၁) မှဖြစ်ပြီး ၂၀၀၃ ခုတွင် အင်းစိန်ထောင်၌ ထောင်ဒဏ် (၇) နှစ် ချမှတ် ခံရသည်။၂၀၁၀ ပြည့်နှစ်တွင်မှ ပြန်လွတ်ရမည့်သူ ဖြစ်သည်။


from khitpyaing web page

No comments: