Friday, November 9, 2007

ဗိုလ်ချုပ်မှူးကြီးပုံတွင် အတွင်းခံဘောင်းဘီစွပ်ကာ ရန်ကုန်တွင် ဆန္ဒပြ

သတင်း - ဧရာဝတီ (၈-၁၁-၂၀၀၇)

ယနေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို့ ဗိုလ်အောင်ကျော် လမ်းထိပ်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဦးခေါင်း၌ အမျိုးသမီး အတွင်းခံ ဘောင်းဘီများ စွပ်ထားသည့် ပိုစတာများ ကိုင်ဆောင်ကာ “သံဃာသတ်အစိုးရ ကျဆုံးပါစေ” ဟုကြွေးကြော်၍ ဆန္ဒပြကြသည်ဟု ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့က အတည်ပြု ပြောဆိုသည်။

ဆန္ဒပြပွဲ၌ ဆန္ဒပြသမား ၄၀ ခန့် ပါဝင်ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များ ရောက်လာသောကြောင့် ဆန္ဒပြချိန် အနည်းငယ်သာရပြီး လူစုခွဲလိုက်သည်ဟုလည်း သိရသည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သည့် ကိုစိုးထွန်းက “လူထုရဲ့ လွတ်လပ်မှု၊ ငြိမ်းချမ်းမှု၊ တရားမျှတမှုတွေကို လိုလားတဲ့ စိတ်ဓာတ်က ဘယ်လိုပဲ အကြမ်းဖက်မှုတွေ လုပ်လုပ် တားဆီးလို့ မရပါဘူး။ အခြေအနေ အချိန်အခါ အရသာ ခေတ္တခဏ ငြိမ်သွားပေမယ့် အခွင့်အရေးရရင် ရသလို သူတို့ရဲ့ဆန္ဒကို ထုတ်ဖော် ပြသကြမှာ ဖြစ်တယ်” ဟု ဧရာဝတီကို ပြောသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အခြေစိုက်သည့် Lanna Action for Burma အဖွဲ့က အောက်တိုဘာ ၁၆ ရက်နေ့တွင် အမျိုးသမီး အတွင်းခံ ဘောင်းဘီများကို မြန်မာသံရုံးသို့ ပို့သည့် လှုပ်ရှားမှုအား စတင် လုပ်ဆောင်ခဲ့ကြပြီး စင်ကာပူ၊ သြစတေးလျနှင့် ဥရောပနိုင်ငံများရှိ မြန်မာ့နိုင်ငံရေး လှုပ်ရှားသူ အမျိုးသမီးများလည်း လိုက်ပါလှုပ်ရှားကြသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား အမျိုးသမီး အတွင်းခံ ဘောင်းဘီဖြင့် ပစ်ကစားသည့် အင်တာနက်ဂိမ်းကိုလည်း အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့ အခြေစိုက် Mochi Media ကုမ္ပဏီက နိုဝင်ဘာလ ၂ ရက်နေ့က စတင် ထုတ်လုပ်လိုက်ပြီး အင်တာနက်တွင် အခမဲ့ကစားနိုင်သည်။

နိုဝင်ဘာလ ၆ ရက်နေ့တွင် ပြည်တွင်းရှိ လူထုလှုပ်ရှားမှု ကော်မတီက စစ်အစိုးရ ထုတ်ဝေသည့် သတင်းစာများအား စုတ်ဖြဲလွှင့်ပစ်ကာ မီးရှို့ဖျက်ဆီးသည့် နိုင်ငံရေး အံတုလှုပ်ရှားမှုကို လုပ်ဆောင်ကြရန် ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။ လူထုလှုပ်ရှားမှု ကော်မတီကို စက်တင်ဘာလ သပိတ်မှောက် ကာလအတွင်း လှုပ်ရှားမှုများအား ကြီးကြပ်ရန်ဖွဲ့စည်းခဲ့ပြီး သံဃာတော်များနှင့် ကျောင်းသားများ ပါဝင်သည်။

“တနေ့ (နိုဝင်ဘာ ၆) ကတော့ ကြည့်မြင်တိုင် ဗားကရာမှာ သတင်းစာတွေ အစောင် ၄၊ ၅ ရာလောက်ရှိတယ်။ အဲဒါတွေကို သူတို့ မဖတ်တော့ဘူး၊ ဖတ်လောက်စရာ မရှိဘူးလို့ ပြောပြီး မီးပုံရှို့ကြတယ်။ ရှို့တဲ့လူကတော့ မများဘူး” ဟု ရန်ကုန်ရှိ အမျိုးသမီးတဦးက ပြောသည်။

ယမန်နေ့ကလည်း ရန်ကုန်မြို့လယ်ရှိ နံရံအချို့တွင် “သံဃာသတ်တဲ့ မိစ္ဆာတွေ မြန်မြန်သေပါစေ” ဟူသည့် စာသားများကို မှုတ်ဆေးအနီများနှင့် ရေးသွားသောကြောင့် ရန်ကုန်တွင် လုံခြုံရေးများ တင်းကျပ်စွာ ချထားသည်ကို တွေ့ရသည်ဟု ရန်ကုန်မြို့ခံတဦးက ဧရာဝတီကို ပြောဆိုသည်။


ဒေါက်တာလွဏ်းဆွေဘလော့ဂ်မှကူးယူဖေါ်ပြသည်။

No comments: