Wednesday, November 7, 2007

ဒေါ်စု ကျန်းမာရေးမကောင်း

ဧရာဝတီ | နိုဝင်ဘာ ၆၊ ၂၀၀၇

စစ်အစိုးရ၏ နေအိမ်အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံထားရသော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် သည် ကျန်းမာရေးမကောင်းသောကြောင့် ဆေးကုသမှုခံယူနေရကြောင်း သိရှိရသည်။


ဓာတ်ပုံ - AP
ကျန်းမာရေးစစ်ဆေးရန်အတွက် ဒေါ်အောင်ဆန်းစုကြည်ထံသို့ သူ၏ မိသားစု ဆရာဝန်က ပုံမှန်သွားရောက်ချိန် မဟုတ်ဘဲ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောကြားသည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ ဘယ်လောက်အထိ ဆိုးဝါး သလဲ မဆိုးဝါးဘူး ဆိုတာ ကိုတော့ ကျနော်တို့ အခုအချိန်အထိ မသိရသေး ပါဘူး”ဟု ဦးဥာဏ်ဝင်းက ဧရာဝတီသို့ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ထံသို့ ပြီးခဲ့သော မကြာသေးခင် ရက်ပိုင်းတွင် သူ၏ မိသားစုဆရာဝန်က ၂ ရက်ဆက်၍ သွားရောက်ခဲ့ရသည်ဟုလည်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အသက်အရွယ် ကြီးရင့် လာရုံမျှမက နိုင်ငံရေး အခြေအရ တိုင်းပြည်အတွက် အရေးကြီးသူ တဦးဖြစ်သောကြောင့် သူ၏ ကျန်းမာရေးစောင့်ရှောက်မှု အတွက် မိသားစု ဆရာဝန်နှင့် တပတ်တကြိမ် တွေ့ခွင့်ပေးရန်လည်း အာဏာပိုင်များကို တောင်းဆိုထားသည်ဟု အန်အယ်လ်ဒီ က ဆိုသည်။

အသက် ၆၂ နှစ် ပြည့်ခဲ့ပြီ ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ၂၀၀၆ ခုနှစ် ဇွန်လ အတွင်းက ၀မ်းပျက် ၀မ်းလျှောဝေဒနာ ပြင်းပြင်းထန်ထန် ဖြစ်ပွားသောကြောင့် ဆေးရုံသို့တက်ရောက်၍ ဆေးကုသမှုခံယူ ခဲ့ရဖူးသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် စက်တင်ဘာလအတွင်းကလည်း ရန်ကုန်မြို့ရှိ အာရှတော်ဝင် ပုဂ္ဂလိက ဆေးရုံ၌ အမျိုးသမီး မီးယပ်သားဖွားရောဂါဆိုင်ရာ ခွဲစိတ်ကုသမှုကို ခံယူခဲ့ရသေးသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင်ဖြစ်ပွားခဲ့သော ဒီပဲယင်း အကြမ်းဖက်တိုက်ခိုက်မှုအပြီးမှစ၍ နေအိမ် အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသည်မှာ ၄ နှစ် ပြည့်ပြီးဖြစ်သည်။ ၁၉၈၉ ခုနှစ်မှစ၍ နေအိမ်အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်းမှာ ၁၂ နှစ်ရှိပြီ ဖြစ်သည်။

လွန်ခဲ့သော သံဃာတော်များဦးဆောင်သည့် ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများအား စစ်အစိုးရက အကြမ်းဖက်ဖြိုခွဲမှုများ အပြီး အောက်တိုဘာလဆန်းက မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် ရောက်ရှိလာသော ကုလမဂ္ဂ အထွေ ထွေအတွင်းရေးမှူး ချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီသည် ဒေါ်အောင်ဆန်းစုကြည် ထံသို့ ၂ ကြိမ် သွားရောက် တွေ့ဆုံခဲ့သည်။

မစ္စတာ ဂန်ဘာရီသည် လတ်တလော မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ထပ်မံတွေ့ဆုံနိုင်မည့် အလားအလာ နည်းပါးကြောင်း အတည်မပြုနိုင်သော သတင်းများက ဆိုသည်။

No comments: