Tuesday, September 9, 2008

မညီညွတ်မှုကြောင့် ပေးဆပ်ရသည့် အဖိုးအခများ ဆောင်းပါး

ကျော်စွာမိုး | သြဂုတ် ၂၆၊ ၂၀၀၈

မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုများ၏ ဦးတည်ရည်မှန်းချက်များ မဆုံးရှုံးလိုပါက ယခုအချိန်တွင် မိမိကိုယ်မိမိ ပြန်လည်ဝေဖန် သုံးသပ်မှုများ မဖြစ်မနေ လုပ်ဆောင်ရန် လိုအပ်နေပေပြီ။

မြန်မာနိုင်ငံ ဒီမိုကရေစီ လှုပ်ရှားမှုက နှစ် ၂၀ တိုင်ခဲ့လေပြီ။ လွန်ခဲ့သော ဆယ်စုနှစ် ၂ ခု ကာလအတွင်း မည်သည့်အောင်မြင် မှုများရခဲ့သနည်း။ လှုပ်ရှားမှု၏ ရည်မှန်းချက်ပန်းတိုင်ဆီသို့ ပို၍ နီးကပ် လာခြင်း ရှိ မရှိ ဆိုသည့် မေးခွန်းများ ထုတ်ရပါ တော့မည်။

ထိုမေးခွန်းများကို အဖြေထုတ်ရန် ၈ လေးလုံး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သော ကျောင်းသားဟောင်း ၅ ဦး၏ ကံကြမ္မာကို လေ့လာကြည့်ရှုသင့်သည်။ သွေးစွန်းသော ထိုနေ့ရက်များတွင် သူတို့တတွေ အတူတကွ မျှော်လင့်ချက်များဖြင့် မမောမပန်း ချီတက်ခဲ့ကြဖူးသည်။

၁၉၈၈ ခုနှစ်တွင် အသက် ၂၀ အရွယ်သာရှိသေးသော ကိုထွန်းမြင့်အောင်က ယခုအခါ ရန်ကုန်မြို့တနေရာတွင် ပုန်းအောင်း နေရ၏။ ၁၉၈၈ ခုနှစ် နောက်ပိုင်းမှစ၍ အကျဉ်းထောင် ၅ ခုသို့ ၀င်ချည်၊ ထွက်ချည်ဖြင့် ဘ၀ကိုဖြတ်သန်းခဲ့ရင်း အကျဉ်းသား ဘ၀ကို လုံလုံလောက်လောက် ခံစားတွေ့ကြုံခဲ့ဖူးပြီးဖြစ်သည့် ကိုထွန်းမြင့်အောင်မှာ အသက် ၄၀ အရွယ်ယခုတိုင် ၀ရမ်းပြေး ဘ၀ဖြင့် စစ်အစိုးရ၏ အဖမ်းအဆီး မှ လွတ်ရန် တိမ်းရှောင်နေရသည်။

၁၉၈၈ ခုနှစ် လူထုအုံကြွမှုတွင် ပါဝင်ခဲ့ပြီးနောက် ထောင်ဒဏ် ၁၆ နှစ် ကျခံခဲ့ရသော ကိုတင်အေးကတော့ ယခုအချိန်တွင် ပြည်ပသို့ထွက်ပြေး လာခဲ့ပြီး ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် နေထိုင်လျှက်ရှိသည်။ သူက ပြည် ပြေးဘ၀ဖြင့် လောလောဆယ် လွတ်လပ်မှုကို ခံစားနေရချိန်တွင် သူ့ချစ်သူ မနိုဘယ်အေးက မြန်မာနိုင်ငံ၏ အရက်စက်ဆုံးဟု နာမည်ကြီးသည့် အင်းစိန် ထောင် အကျဉ်းခန်းတခုထဲ၌ ဒုတိယအကြိမ်မြောက် ထောင်ဒဏ် ကျခံနေရသည်။

လက်ရှိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် နေထိုင်လျှက် ရှိသော ကိုအောင်နိုင်ဦးနှင့် ကိုညိုအုန်းမြင့်တို့ နှစ်ဦးကမူ ရက်စက်ကြမ်း ကြုတ်သော စစ်အစိုးရ လက်အောက်တွင် ပြေးလွှားရုန်းကန်နေရသည်ထက် ပြည်ပတွင် နေထိုင်ခြင်းက ပို၍ကောင်းသည် ဟု ယူဆကာ ဤလမ်းကို ရွေးချယ်ခဲ့ကြသည်။

ကိုညိုအုန်းမြင့် ကူညီ ဖွဲ့စည်းပေးခဲ့သည့် ရန်ကုန်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လူငယ်ဌာနခွဲ) ကမူ အန္တရာယ်များစွာ ကြားတွင် ဆက်လက် လှုပ်ရှားနေကြဆဲဖြစ်သည်။

ကိုအောင်နိုင်ဦးကတော့ ၁၉၈၈ ခုနှစ်တွင် နယ်စပ်၌ စတင်တည်ထောင်ခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF - မြန်မာနိုင်ငံ၏ တခုတည်းသော ကျောင်းသား တပ်မတော်) ၏ နိုင်ငံခြားရေး အတွင်းရေးမှူး အဖြစ် တာဝန်ယူခဲ့ဖူးသည်။

ဖော်ပြခဲ့သည့် ၅ ဦးက မြန်မာနိုင်ငံအတွင်း ဖိနှိပ်မှုများကြားမှ ရုန်းကန် လှုပ်ရှားနေကြသည့် ထောင်ပေါင်း များစွာသော ပြည်သူများနှင့် ပြည်ပ နိုင်ငံများတွင် အခက်အခဲများဖြင့် ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံသား များကို ကိုယ်စားပြုနေသည့်ပြင် မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားမှု၏ ပုံရိပ် ကဲ့သို့လည်း ဖြစ်နေသည်။ ထို့အပြင် ၄၆ နှစ်ကြာ အာဏာရှင် စစ်တပ် ကြီးစိုးရေး ၀ါဒအောက်မှ တိုင်းပြည်တခု၏ နိုင်ငံရေးအခြေအနေ ကိုလည်း ဖော်ပြပေါ်လွင် နေစေသည်။

ထို ၅ ဦးသည် မတူညီသော လမ်းကြောင်း များပေါ်တွင် ရွေးချယ် လျှောက်လှမ်း နေခဲ့ကြသော်လည်း ၎င်းတို့၏ ဘုံရည်မှန်းချက် ပန်းတိုင် ကတော့ အတူတူပင် ဖြစ်သည်။ ထို့ပြင် အဖိနှိပ်ခံနေရသော သူတို့၏ တိုင်းပြည်အတွက် ဒီမိုကရေစီ စနစ် တည်ဆောက်ရန် ရည်သန်ထားကြပြီးလည်း ဖြစ်သည်။

နှစ်ပေါင်း ၂၀ ကြာ၍ ပြန်ကြည့်သောအခါတွင် ထိုရည်မှန်းချက်က ပိုမို မှုန်ဝါးလာသလို ရှိနေသည်။ အဘယ့်ကြောင့် ထိုသို့မှုန်ဝါးခဲ့ရသည်ကို ပြန်လှန်စစ်ကြောရန် လိုအပ်ပြီဖြစ်၏။

မြန်မာ စစ်အစိုးရက တိုင်းပြည်ကို အုပ်ချုပ်နိုင်စွမ်းမရှိသည့် ကိစ္စအပေါ် မည်သူမျှ အငြင်းမပွား။ လူထုအပေါ် မတရား ရက်စက်စွာ ဖိနှိပ်နေသော ကိစ္စကလည်း မေးခွန်းထုတ်စရာ မလိုတော့ပါ။ အလားတူ ပြစ်ဒဏ်ခတ် ပိတ်ဆို့ခြင်းနှင့် နိုင်ငံတကာ အသိုင်းအ၀န်း၏ ဖိအားပေးမှုများက ထိရောက်မှု မရှိကြောင်းလည်း အထင်းသား ပေါ်လွင်နေပြီ ဖြစ်သည်။

အနှစ် ၂၀ ဆိုသော အချိန်ကာလတခုသည် ရက်စက်သော စစ်အစိုးရ၏ အုပ်ချုပ်မှုအောက် နှစ်ပေါင်းများစွာ ခံစားကျ ရောက်နေရသည့် တိုင်းပြည်တခု အနေနှင့် အခြေခံ အပြောင်းအလဲများ ဖြစ်ပေါ်လာစေရန် မလုံလောက်သေးသည့် အချိန် ဖြစ်နိုင်ပါသည်။ သို့သော် ဒီမိုကရေစီ ရရှိရေးအတွက် ဘ၀များကို ရင်းနှီးမြှုပ်နှံထားကြရသည့် အတိုက်အခံများ အတွက်မူ တဘ၀စာ ဖြစ်သွား နိုင်ပါသည်။ ယခုအချိန်က လေးလေးနက်နက် ပြန်လည် ဆန်းစစ် မေးခွန်းထုတ်ရမည့် အချိန် ဖြစ်သည်။ သို့မှသာ အင်အားသစ်တခု ပေါ်ထွန်းလာမည်ဟု လူအများက ယုံကြည် နေကြသည်။

“ကျနော်တို့ နိုင်ငံရေးသမားတွေက မပါးနပ်ကြဘူး။ သူတို့တွေက သာမာန် ရိုးရိုး နိုင်ငံရေး လှုပ်ရှားသူ အဆင့်လောက်ပဲ ရှိတယ်။ ဒီထက်ပိုမရင့်ကျက်သေးဘူးလို့ ကျနော်ထင်တယ်။ သူတို့တွေက အာဏာကို ဘယ်လို ယူရမယ်ဆိုတာ မသိဘူး။ သူတို့မှာ မဟာဗျူဟာကျတဲ့ မူဝါဒတွေလည်း မရှိဘူး” ဟု တက်ကြွ လှုပ်ရှားသူ တဦးဘ၀မှ နိုင်ငံရေး အကဲ ဖြတ်တဦး ဖြစ်လာခဲ့သူ ကိုအောင်နိုင်ဦးက ပြောသည်။

၁၉၈၈ ခုနှစ် လူထုအုံကြွမှုတွင် နိုင်ငံရေးခေါင်းဆောင်အများစုမှာ လူထုနောက်သို့ လိုက်နေခဲ့ခြင်းသာဖြစ်ပြီး လူထုကို ဦးဆောင်ခဲ့သူများ မဟုတ်ကြဟု ၎င်းက ဆိုသည်။

သို့သော်လည်း မကြိုးပမ်းခဲ့ခြင်းတော့ မဟုတ်ခဲ့ပေ။ ကျောင်းသားများက လူထုအုံကြွမှုကို စတင် လိုက်သည်နှင့် မကြာမီ မှာပင် လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် သြဇာတိက္ကမကြီးသော ခေါင်းဆောင်များ၊ နိုင်ငံရေးသမားများက လှုပ်ရှားမှုအတွင်း ပါဝင်ပူးပေါင်းကာ လူပ်ရှားမှုကြီးကို ဦးဆောင်နိုင်ရန် အားထုတ်ခဲ့ကြသည်။

တိုင်းပြည်တပြည်လုံးတွင် အာဏာရှင်စနစ်အုပ်ချုပ်ရေး အဆုံးသတ်၍ ဒီမိုကရေစီ အပြောင်းအလဲများ ပေါ်ပေါက်ရေး အတွက် မျှော်လင့်ချက်များ၊ စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

“ဒေါ်စု၊ ဦးအောင်ကြီး၊ ဦးနု အဲဒီလို သြဇာကြီးတဲ့ ခေါင်းဆောင် တွေမျိုး တိုင်းပြည်သမိုင်းမှာ ဘယ်တုန်းကမှ မရခဲ့ဖူးဘူး၊ ဒါပေမယ့် ၀မ်းနည်းဖို့ ကောင်းတာက အဲဒီခေါင်းဆောင် တွေက အခွင့်အရေးကို အမိအရ မဆုပ်ကိုင်နိုင်ခဲ့ကြဘူး” ဟု ကိုအောင်နိုင်ဦးက ပြောပြခဲ့သည်။

ထိုခေါင်းဆောင် ၃ ဦးမှာ ညီညွတ်ရေးကို ပစ်ပယ်၍ ၎င်းတို့ လမ်းကြောင်းပေါ်တွင်သာ လျှောက်ခဲ့ကြသည် ဟု သူကဆက်ပြောသည်။


“တကယ်လို့များ သူတို့သာ ညီညွတ်ခဲ့မယ်ဆိုရင် ဇာတ်လမ်းက တမျိုးတဖုံ ဖြစ်လာမှာ” ဟု ၎င်းက ဆို၏။

ဆက်လက်၍ ကိုအောင်နိုင်ဦးက စစ်တပ်အနေနှင့် တိုင်းပြည်ကို မထိန်းချုပ်နိုင်တော့သည့်အချိန်တွင် ထိုခေါင်းဆောင်များက ညီညွတ်စွာဖြင့် ကြားဖြတ်အစိုးရဖွဲ့ခြင်း သို့မဟုတ် အရပ်သားအစိုးရ တရပ် အောက်မှ စေ့စပ်ညှိနှိုင်းရန် ကမ်းလှမ်းခြင်းများ ပြုလုပ်ခဲ့သင့်သည်ဟု ပြောသည်။

ထိုအချိန်က ဒေါက်တာမောင်မောင် ဦးဆောင်သည့် အရပ်သား အစိုးရတရပ် ရှိနေခဲ့ချိန် ဖြစ်သည်။ ဦးနေ၀င်းနှင့် သူ၏ အရိုက်အရာဆက်ခံသူ “သားသတ်သမား”ဟု နာမည်ကြီးသည့် ဦးစိန်လွင်တို့ ပြုတ်ကျခဲ့ရပြီးနောက် ဒေါက်တာမောင်မောင် က သမ္မတအဖြစ် ခန့်အပ်ခံခဲ့ရသည်။

၁၉၈၈ လှုပ်ရှားမှု၏ အဆိုးဝါးဆုံးသော အမှားများအနက် တခုမှာ ညီညွတ်ရေး ကင်းမဲ့ခဲ့ခြင်း ဖြစ်၏။ ဧရာဝတီမဂ္ဂဇင်းက ချဉ်းကပ်မေးမြန်းခဲ့သော လှုပ်ရှား တက်ကြွသူ အများစုနှင့် နိုင်ငံရေးသမား အများစုက ထိုအချက်ကို ၀န်ခံခဲ့ကြသည်။

ညီညွတ်ရေးဆိုသည်မှာ အာဏာရှင်အစိုးရတိုင်း ယခင်ကတည်းက တုန်လှုပ်ခဲ့ပြီး ယခုတိုင် ၎င်းတို့၏ နှလုံးသားအတွင်း ကိန်းအောင်းနေသော စိမ့်၍ ကြောက်ရွံ့နေသည့် ကိစ္စ ဖြစ်သည်။ မြန်မာ့ ဒီမိုကရေစီ အင်အားစုများက အားထားနိုင်သည့် အထိရောက်ဆုံး လက်နက်တခုလည်း ဖြစ်သည်။ သို့သော်လည်း အတိုက်အခံများက ယခုတိုင် ညီညွတ်ရေးကို မဆုပ်ကိုင် နိုင်ကြသေးပေ။ ညီညွတ်ခြင်းကင်းမဲ့နေခြင်း ကြောင့်လည်း အာဏာရှင် စစ်အစိုးရအတွက် သက်ဆိုးရှည်ခွင့် ရနေစေ ခြင်းဖြစ်သည်။

သာဓကအားဖြင့် သြဇာတိက္ကမကြီးမားသော ခေါင်းဆောင်များဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်မှုးချုပ်ဟောင်း ဦးအောင်ကြီး နှင့် ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦး တို့ ဦးဆောင်မှုအောက်တွင် ဖွဲ့စည်းခဲ့သော အဓိကအတိုက်အခံ နိုင်ငံရေး ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) သည်ပင်လျင် ညီညွတ်ရေးကို အောင်မြင်စွာ မတည်ဆောက်နိုင်ခဲ့ပေ။ ဦးအောင်ကြီးက ပါတီခေါင်းဆောင်ပိုင်းမှ ခွဲထွက်ကာ နောက်ပိုင်းတွင် သူ့ ကိုယ်ပိုင်ပါတီကို တည်ထောင်ခဲ့သည်။

အာဏာရှင်စနစ်ဆန့်ကျင်ရေး အင်အားစုများအကြား မညီညွတ်ခဲ့သည်မှာ ယခုမှမဟုတ်။ ၁၉၈၈ ခုနှစ် မတိုင်ခင် နှစ် ကာလများစွာ ကတည်းကပင် မြန်မာ့သမိုင်းတွင် ရှိခဲ့ခြင်းဖြစ်သည်ဟု လူထုအုံကြွမှု ကာလအတွင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ၏ ခေါင်းဆောင် တဦးအဖြစ် တာဝန်ယူခဲ့သူ ကိုတင်အေးက မှတ်ချက်ချသည်။

“၂၀ ရာစုနှစ် အစောပိုင်းကာလ ဗြိတိသျှအုပ်ချုပ်မှုကို တွန်းလှန်တဲ့ ကာလမှာ ကတည်းက နိုင်ငံရေး အင်အားစုတွေကြားမှာ တကွဲတပြား ဖြစ်နေခဲ့တာ” ဟု သူကပြောသည်။

၁၉၈၈ ခုနှစ်တွင် ပြုလုပ်ခဲ့သော အစည်းအဝေးတခုတွင် ညီညွတ်ရေး မရနိုင်သောကြောင့် ပူးပေါင်း ဆောင်ရွက်ရန်ကိစ္စများ ပျက်ပြားခဲ့ရပုံကိုလည်း ကိုတင်အေးက ပြန်ပြောင်းပြောပြခဲ့သည်။

“ဒါက ဗြိတိသျှကိုလိုနီတွေ ကျင့်သုံးခဲ့တဲ့ သွေးခွဲ အုပ်ချုပ်ရေး စနစ်ကြောင့် ဖြစ်နေတာလို့ ပြောကြ ပေမယ့် ကျနော်တို့သာ ခိုင်ခိုင်မာမာနဲ့ ညီညွတ်နေမယ် ဆိုရင် ဘယ်သူကမှ သွေးခွဲလို့မရပါဘူး” ဟု သူကဆိုသည်။

အမှန်တရားနှင့် တရားမျှတမှုအတွက် မားမားမတ်မတ် ရပ်တည်ရုံ တခုတည်းဖြင့် မလုံလောက်ဟု သြဇာကြီးသော ၈၈ မျိုးဆက် ကျောင်းသားများအုပ်စု၏ ခေါင်းဆောင်တဦးဖြစ်သူ ကိုထွန်းမြင့်အောင်က ဆိုသည်။ သူကဲ့သို့သော ကျန် ၈၈ မျိုးဆက် ကျောင်းသားအုပ်စု ခေါင်းဆောင်အားလုံး ယခုအချိန်တွင် ထောင်ထဲရောက်နေကြပြီ ဖြစ်သည်။

“ကျနော်တို့တွေက အမှန်တရားနဲ့ တရားမျှတမှုကို ခိုင်ခိုင်မာမာ ဆုပ်ကိုင် ထားတာတော့ မှန်တယ်။ ဒါပေမယ့် အဲဒါတွေကို ဆုပ်ကိုင်ထားရုံ နဲ့တော့ အလုပ်မဖြစ်သေးဘူးဗျ။ အဲဒီလို အမှန်တရားဘက်၊ ပြည်သူ့ဘက်မှာ မားမား မတ်မတ် ရပ်နေလို့ပဲ တနေ့ ဒီတိုက်ပွဲ အောင်မြင်ရမယ်ဆိုတာ ယုံကြည်ထားပြီးသားပါ။ ဒါပေမယ့် အဲဒီနေ့က ဘယ်တော့လဲ။ ကျနော်တို့ မြေးမြစ်တွေ လက်ထက် ကျမှလား” ဟု ကိုထွန်းမြင့်အောင်က ဆက်ပြောသည်။

ဒီမိုကရေစီအရေး လှုပ်ရှားသူများ အားလုံး ပိုမိုကြီးမားသည့် အနစ်နာခံ စွန့်လွှတ်မှုများ ပေးဆပ်ရန် အသင့်ရှိ နေကြသည်ဟု သူကဆိုသည်။

“ဒါပေမယ့် ကျနော်တို့ လေးလေးနက်နက် စဉ်းစားသင့်တာကတော့ ကျနော်တို့ရဲ့ စွန့်လွှတ်အနစ်နာခံမှု တခုတည်းနဲ့ အောင်ပွဲ ရ၊ မရ ဆိုတာပါပဲ” ဟု သူက နှိုင်းနှိုင်းဆဆ ပြောသည်။

၁၉၈၈ ခုနှစ်မှ စ၍ ထောင်ပေါင်းများစွာသော နိုင်ငံရေး လှုပ်ရှား တက်ကြွသူ များကို စစ်အစိုးရက ရက်စက်ကြမ်းကြုတ်မှု များဖြင့် နာမည်ကြီးသည့် အကျဉ်းထောင်များတွင် ထောင်သွင်းအကျဉ်းချ ထားခဲ့ပြီး အနည်းဆုံး နိုင်ငံ ရေးအကျဉ်းသား ၁၃၇ ဦးက စစ်အစိုးရ၏ သံတိုင်များ နောက်ကွယ်တွင် အသက်ဆုံးရှုံး ခဲ့ရသည်ဟု ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်း သားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာပြည်) (AAPP) က ထုတ် ပြန်သည့် ကိန်းဂဏန်းများအရ သိရှိရပါသည်။

ထိုမျှမက ၁၉၈၈ ခုနှစ် လူထုအုံကြွမှုကြီးအား ပြင်းထန်စွာ ဖြိုခွင်းခဲ့ပြီး နောက်ပိုင်းတွင် ထောင်သောင်းချီသော လှုပ်ရှား တက်ကြွသူများလည်း ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

တကိုယ်ရေ စွန့်လွှတ်မှုများအတွက် အဆင်သင့်ပြင်ဆင်ထားရုံမျှဖြင့် မလုံလောက်ဘဲ နိုင်ငံရေးခေါင်းဆောင် များ အနေဖြင့် လက်တွေ့ကျသော မဟာဗျူဟာ၊ ရှင်းလင်းသော ခေါင်းဆောင်မှုနှင့် ညီညွတ်ရေးအတွက် ပိုမို အာရုံစိုက်သင့်သည်ဟု ကိုထွန်းမြင့်အောင်က ပြောသည်။

၁၉၈၈ လူထုအုံကြွမှုနှင့် နောက်ပိုင်းနှစ်များအထိ၊ အထူးသဖြင့် ၁၉၉၀ ရွေးကောက်ပွဲ အပြီး ကာလများတွင် နိုင်ငံရေး ခေါင်းဆောင် အားလုံးနီးပါး တရားသေ ဆုပ်ကိုင်ခဲ့သော မူဝါဒများအနက် တခုမှာ စစ်တပ်ကို သူတို့၏ နေရာမှန်၊ စစ်တန်း လျားသို့ ပြန်ပို့ရေးပင် ဖြစ်သည်။ ဤမူဝါဒကို ဆုပ်ကိုင် သူများထဲတွင် ဒေါ်အောင်ဆန်းစုကြည်လည်း တဦး အပါအ၀င် ဖြစ်သည်။ သူ၏ဖခင်က စစ်တပ်ကို တည်ထောင်ခဲ့သူ တဦး ဖြစ်ပြီး စစ်တပ်၏ အခန်းကဏ္ဍသည် လူထုကို နှိပ်စက်ရန်မဟုတ် ဟုလည်း သူက ပြန်ပြောင်းပြောခဲ့သည်။

ယခုအချိန်တွင် ပြည်ပရောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက် နယ်မြေ) ၏ နိုင်ငံခြားရေး ကော်မတီ တာဝန်ခံ ဖြစ်သော ကိုညိုအုန်းမြင့်က ထိုနည်းလမ်းကို အစွန်းရောက်သည်ဟု မြင်ကြောင်း ပြောသည်။

“ကျနော်တို့ရဲ့ မူဝါဒအားနည်းချက်တခုက မင်းတို့ ငါ့ဘက်ကလား ရန်သူ့ဘက်ကလား ဆိုပြီး စဉ်းစားကြတဲ့ အချက်ပဲ။ အလယ်အလတ် ရပ်တည်ချက်ပုံစံမျိုးဆိုတာ မရှိခဲ့ဘူး။ စစ်အစိုးရကို ပိုပြီး ခပ်ရိုင်းရိုင်း၊ ခပ်ထန်ထန်၊ ခပ်ကြမ်းကြမ်း စကားလုံးတွေနဲ့ မပြောနိုင်ရင် ခင်ဗျား နိုင်ငံရေးခေါင်းဆောင်နေရာ ရမှာမဟုတ်ဘူး” ဟု ကိုညိုအုန်းမြင့်က သုံးသပ်သည်။

အကျိုးဆက်အဖြစ် ဘက်နှစ်ဘက်စလုံးက တဘက်နှင့်တဘက် အပေးအယူ လုပ်ခြင်းထက် အပြီးသတ် ချေမှုန်း ရေးကိုသာ ဦးတည်နေကြသည်ဟု သူက ပြောပြခဲ့သည်။

“အန်အယ်လ်ဒီက ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီးနောက်ပိုင်း ဘဝင်မြင့်သွားတယ်။ ရွေးကောက်ပွဲ ရလဒ်က ပါတီဝင် တွေကြားမှာ လက်တွေ့မကျတဲ့ ရည်မှန်းချက်တွေ ဖြစ်စေခဲ့တယ်။ နိုင်ငံရေးအသာစီး ရပြီလို့ ထင်ခဲ့ကြတယ်။ တကယ်တော့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ပွဲသိမ်းလို့ ထင်မြင်ယူဆတာ မဟာအမှားပဲ” ဟု ကိုညိုအုန်းမြင့်က ပြောပြခဲ့သည်။

အန်အယ်လ်ဒီအဖွဲ့ဝင် အများစုလိုချင်သည်မှာ စစ်တပ်က ၎င်းတို့ပါတီထံသို့ နိုင်ငံရေးအာဏာ လွှဲပြောင်းပေးအပ်ရန် ဖြစ်သည်။ သို့သော်လည်း ယင်းအချက်ကြောင့်ပင် စစ်တပ်ကို ပို၍ ဝေးကွာ သွားစေပြီး အမျိုးသား ရင်ကြားစေ့ရေးလုပ်ရန် အတွက်လည်း ပို၍ အလှမ်းဝေး သွားစေသည်ဟု သူက ဆိုသည်။

“၁၉၈၈၊ ၉၀ ကာလတွေမှာ မြန်မာနိုင်ငံက စစ်မြေပြင်ကြီးလိုပဲ။ ဒေါ်စုက ကျနော်တို့ရဲ့ တပ်မှူးပေါ့။ ပြည်သူတွေကတော့ ကျနော်တို့ရဲ့ ရဲဘော်တွေ။ ကျနော်တို့က အင်အားကြီးတဲ့ တကယ့်စစ်တပ်ကြီးနဲ့ တိုက်ပွဲဖြစ်နေတာနဲ့ တူတယ်။ စစ်တပ်က ကျနော်တို့ တပ်တွေကို ဖြိုခွင်းလိုက်တဲ့ အချိန်မှာ ကိုယ့်အင်အား ကို ကိုယ် ကျနော်တို့ ပြန်မတည်ဆောက် နိုင်တော့ဘူး” ဟု ကိုညိုအုန်းမြင့်က ပြောသည်။

ထိုစဉ်က နိုင်ငံရေးသမားများနည်းတူ လှုပ်ရှား တက်ကြွသူများ၏ နိုင်ငံရေး အတွေ့အကြုံမှာ ၃၊ ၄ လ ခန့်သာ ရှိသေး သော်လည်း အဖွဲ့ချုပ်တွင် မူဝါဒချမှတ်သူများ ဖြစ်လာခဲ့ကြသည်ဟု သူက ပြောပြသည်။

“ကျနော်တို့ရဲ့ အမှားတခုကတော့ စိတ်ခံစားချက်တွေကို အဖွဲ့ချုပ်ရဲ့ မူဝါဒထဲမှာ ရောထည့် ခဲ့ကြတာပဲ။ နွားရိုင်းသတ်ပွဲလို မည်းမည်းမြင်ရာ လိုက်ဝှေ့နေသလို ဖြစ်နေတယ်” ဟု သူက ပြန်ပြောင်း သုံးသပ်သည်။

မြန်မာလူမျိုး အများစုကလည်း ဤသို့ ရပ်တည်ချက် ပြင်းထန်မှုမျိုးကို သဘောကျခဲ့ပြီး အပေးအယူ လုပ်ရန် မလိုလား ခဲ့ကြဟု ကိုညိုအုန်းမြင့်က ဆိုသည်။

“၁၉၈၈ ခုနှစ်က တကယ့်ကို ကြီးမားတဲ့ လူထုအုံကြွမှုကြီးကို မြင်တွေ့ခဲ့ရပြီးတဲ့ နောက်မှာ ကျနော်တို့ တွေက လုံးဝ ပြီးပြည့် စုံတဲ့ အောင်ပွဲတခု ရတော့မယ်လို့ ထင်ခဲ့ကြတာ” ဟု သူက ဆက်ပြောသည်။

ကိုအောင်နိုင်ဦးက အင်္ဂလိပ်ကဗျာဆရာ ၀ီလီယံ အားနက်စ် ဟန်နလီ ရေးသည့် အနိုင်မခံ (Invictus) ဆိုသော ကဗျာထဲမှ စာကြောင်းတကြောင်းကို ဗိုလ်ချုပ် အလွန်သဘောကျခဲ့သည်ဟု ပြောပြသည်။

“ငါ၏ ဦးခေါင်း သွေးများဖြင့် ရဲရဲနီလျှက်ရှိသည်။ သို့သော် ညွတ်ကား မညွတ်.. ဆိုတဲ့စာသားလေးပဲ။ ကျနော်တို့တွေလည်း အဲဒီသတ္တိမျိုးနဲ့ ကြီးပြင်းလာခဲ့တာပါ။ ဒါပေမယ့် တခြားဘက်မှာတော့ ကျနော်တို့ အပြန်အလှန် ညှိနှိုင်းမှုတွေ လုပ်ဖို့ လိုအပ်ပါတယ်” ဟု ကိုအောင်နိုင်ဦးက ပြောပြသည်။

အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်များက စစ်အစိုးရနှင့် အပေးအယူမလုပ်နိုင်ခြင်းမှာ အံအားသင့်ဖွယ် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အတိုက်အခံများ အချင်းချင်း အကြားတွင်ပင် အပေးအယူ မလုပ်နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ကိုအောင်နိုင်ဦးက သုံးသပ်သည်။

“ရန်သူကို အထီးကျန်မဖြစ်ပါစေနဲ့။ ရန်သူကို ချောင်ထဲမှာ ထိုးမထားပါနဲ့။ ကျနော်တို့က ရန်သူကို အလင်းထဲကို ဆွဲထုတ်ဖို့ လိုတယ်။ ဒါမှမဟုတ်ရင်တော့ အပြောင်းအလဲဆိုတာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး” ဟု သူက ဆိုသည်။

သို့သော် စစ်တပ်ခေါင်းဆောင်များကို အလင်းရောင်အတွင်းသို့ ထွက်လာ စေရန် မည်သို့ ဆွဲဆောင်ရမည်ကို မည်သူ တဦး တယောက်မျှ မသိခဲ့ကြပေ။ သေချာသည်ကတော့ စစ်အစိုးရတွင် ထို့ကဲ့သို့သော နိုင်ငံရေးဆန္ဒ မရှိသည် ကို သမိုင်းက သက်သေပြခဲ့ပြီး ဖြစ်သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အမျိုးသားရင်ကြားစေ့ရေး အတွက် ခြွင်းချက်မထား၊ တွေ့ဆုံဆွေးနွေးရန် တောင်းဆိုနေ မည့်အစား စစ်အစိုးရ ထံသို့ ရှင်လင်းပြတ်သားသည့် အာဏာခွဲဝေယူရေး ကမ်းလှမ်းချက်ကို ထုတ်ပြန်ကြေညာကာ တင်ပြ သင့်သည်ဟု ကိုအောင်နိုင်ဦးက ယုံကြည်နေသည်။

“မြန်မာ့နိုင်ငံရေးက အစွန်း ၂ ဘက်ကို ရောက်နေကြတယ်။ ကျနော်တို့က အစွန်းရောက် အဖြေတွေ ရှာကြမှာလား။ စစ်အစိုးရကို ဗုံးကျဲပြီး အပြတ် ရှင်းပစ်နိုင်မှာလား။ ဒါက မဖြစ်နိုင်ဘူး။ ဒါဆို စစ်အစိုးရနဲ့ လုံးဝ ပူးပေါင်းမလား။ ဒါကလည်း မဖြစ်နိုင်တဲ့ နည်းလမ်းတခုပဲ” ဟု သူက ဆိုသည်။

အလယ်အလတ်ကျသော တွေ့ဆုံဆွေးနွေးရေး နည်းလမ်းသည်လည်း အလုပ်မဖြစ်ဟု သူကပြောပြန်သည်။

“ဒါဆိုရင် ကျနော်တို့က ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဝေဖန် ဆန်းစစ်မှု လုပ်ဖို့ လိုအပ်နေပြီ။ နိုင်ငံရေး ရလဒ်ကောင်းတွေ ထွက်ပေါ်နိုင်တဲ့ နည်းတွေကို စဉ်းစားဖို့လိုလာပြီ။ ၁ နှစ် ဒါမှမဟုတ် ၂ နှစ် လောက် မှား ခဲ့တာက ပြဿနာမဟုတ်ပေမယ့် အနှစ် ၂၀ တောင် မှားတယ် ဆိုတာတော့ မဖြစ်သင့်ဘူး” ဟု ကိုအောင်နိုင် ဦးက မှတ်ချက်ချသည်။

ကျော်စွာမိုးရေးသားသည့် The Price of Disunity ကိုဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်


Irrawaddy (Burmese Version)

No comments: