Wednesday, September 24, 2008

အနှစ်နှစ်ဆယ်ကြာ သေပြီဆရာ …

ဒေါက်တာလွဏ်းဆွေ (၂၄-၉-၀၈)။ ။

လာလတ္တံ့သော မြန်မာ့နိုင်ငံရေး အခင်းအကျင်းအကြောင်း ဟိုတွေးဒီတွေး တွေးတောရင်း ကဗျာစာသားလေးတကြောင်း သွားအမှတ်ရတယ်။ စာသားလေးက “ ဒီမြေပုံအတိုင်းဆိုရင်တော့ အကုန်သေကုန်လိမ့်မယ်” တဲ့။ ဖတ်ရတာ ကြာပါပြီ (စကားလုံး အတိအကျ မဟုတ်ရင် ခွင့်လွှတ်ပါ)။ ကဗျာဆရာက ဘာအဓိပ္ပာယ်နဲ့ ရေးလဲတော့ မသိပါဘူး။ ဖတ်တဲ့ ကျနော်က နအဖရဲ့ လမ်းပြမြေပုံ (၇) ဆင့်ကို မြင်ယောင်ပြီး ခံစားလိုက်တော့ ကဗျာစာသားလေးက တော်တော်ကြွပြီး ဖတ်ရတာ အရသာပိုရှိသွားတယ်။

အဟုတ်ပဲလေ။ နအဖ လမ်းပြမြေပုံအတိုင်းသွားရင် ကျနော်တို့ ပြည်သူတွေအားလုံး စစ်ကျွန်သက် အတိုင်းမသိ ရှည်ကုန် မယ်။ ဖွတ်ကျောပြာစု ခရုဆန်ကျွတ်ဘ၀တွေ ရောက်သထက်ရောက်ပြီး တိရိစ္ဆာန်သာသာ အဆင့်နဲ့ပဲ လူ့အဖြစ်တွေကို နိဂုံးကမ္မတ် အဆုံးသတ်ရဖို့ ရှိတယ်မဟုတ်လား (မယုံတဲ့သူများ နအဖရဲ့ အခြေခံဥပဒေကို ဖတ်ကြည့်ကြပါလေ)။ လူချင်း အတူတူ တန်းတူရည်တူ မနေရမယ့်ဘ၀ဟာ ရှင်လျက်နဲ့ သေရတဲ့ဘ၀ပဲ မဟုတ်ပါလား။ လူသားမာန ထားရှိတဲ့သူတိုင်း၊ လူ့ဂုဏ်သိက္ခာ လူ့တန်ဖိုးကို လေးစားတန်ဖိုးထားသူတိုင်း ဒီလိုပဲ ခံယူကြမှာပဲလေ။ အဲဒါကြောင့်မို့ အကုန်သေကုန်လိမ့် မယ်ဆိုတဲ့ ကဗျာစာသားအပေါ် ကျနော် ဟတ်ထိသွားတာနေမှာ။ ရှင်လျက်နဲ့ သေကြရမယ့်အဖြစ်ကို ပြောတာပါ။

အဲ … စစ်ကျွန်ပြုမှုအောက်မှာ အရိုးအရင်း ကိုက်ရဖို့အရေး စစ်ဗိုလ်တွေရှေ့ အမြီးပဲ နှန့်ပြရ နှန့်ပြရ၊ စစ်ဗိုလ်တွေကို လျှာနဲ့ပဲ လျက်ရ လျက်ရ၊ ခြေဆုပ်လက်နယ်ပဲ ပြုစုရ ပြုစုရ၊ ဖိနပ်ပဲ စီးပေးရ စီးပေးရ၊ ခေါင်းပေါ်ပဲ တင်ရွက်ရ တင်ရွက် ရဆိုတဲ့ တဘို့တည်းကြည့်တဲ့ အချောင်သမား ကျောရိုးမဲ့သတ္တ၀ါတွေကတော့ လမ်းပြမြေပုံကို ကြိုဆိုကောင်း ကြိုဆို ကြမှာပေါ့လေ။ တိုင်းသူပြည်သားတွေ မျက်ဖြူဆိုက်လေ အီဖေကိုတို့ ကြိုက်လေပဲဆိုတဲ့ လူစားတွေကိုး။

ပြည်သူတွေသာ မှန်ကန်တဲ့ စနစ်တခု၊ အုပ်ချုပ်မှုတခုအောက်မှာ အသက်ရှင် နေထိုင်ခွင့်ရရင် အဲဒီအချောင်သမားတွေ လူတောတိုး နေရာရနိုင်မှာမှ မဟုတ်တာ။ အဲဒီတော့ အဲလိုလူမျိုးတွေက နအဖရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံတာ မဆန်းဘူးပေါ့လေ။ နအဖရဲ့ လက်ကိုင်တုတ် အဖွဲ့အစည်းတွေဖြစ်တဲ့ ကြံ့ဖွံ့၊ စွမ်းအားရှင်၊ အမျိုးသမီးရေးရာ၊ မီးသတ်၊ ကြက်ခြေနီ၊ တန်ပြန်မီဒီယာဆိုတဲ့ အဖွဲ့တွေမှာ ပါဝင်တဲ့သူတွေဟာ အဲသလို လူစိတ်၊ လူ့မာနမရှိတဲ့ အချောင်သမား တွေပေါ့။



အဲဒီတော့ မြင်တတ်ရင် နအဖရဲ့ လမ်းပြမြေပုံဆိုတာ စည်းစိမ်အာဏာကို မစွန့်ချင်ဘဲ ဆက်ပြီး လက်ဝါးကြီးအုပ်လိုတဲ့ လက်တဆုပ်စာ ထိပ်ပိုင်းစစ်ဗိုလ် လူလည်တစုနဲ့ မြှောက်ထိုးပင့်ကော် ကပ်ဖားရပ်ဖား အချောင်သမားတွေပေါင်းပြီး တိုင်းပြည်ကို အစွမ်းကုန် ဖျက်ဆီးကြတော့မယ့် ရေရှည်စစ်ကျွန်ပြုရေး စီမံကိန်းကြီးဆိုတာကို ရှင်းရှင်းလင်းလင်း တွေ့ရမှာပါ။

အဲဒါကြောင့် စစ်အာဏာရူးတွေနဲ့ အချောင်သမား ကပ်ဖားရပ်ဖားတွေ စိတ်ကူးယဉ်နေတဲ့ လမ်းပြမြေပုံကို အဆုံးအထိ မရောက်အောင် တိုင်းပြည်ကိုချစ်တဲ့ ဒီမိုကရေစီလိုလားသူတွေအားလုံး ညီညီညွတ်ညွတ် ၀ိုင်းဝန်းတိုက်ဖျက်ဖို့ အပြင်း အထန် ကြိုးစားရပါမယ်။ မကြိုးစားလို့ကတော့ ကဗျာဆရာပြောသလို အကုန်သေကုန်လိမ့်မယ်ဆိုတဲ့ အဖြစ်မျိုးနဲ့ တိုးရမှာ သေချာပေါက်ပါပဲ။

လူ့ဂုဏ်သိက္ခာ၊ လူ့မာန၊ လူ့တန်ဖိုးဆိုတာတွေကို အလေးထားတဲ့ သူတွေကတော့ ရှင်လျက်နဲ့ သေကြရမယ့် ဘ၀မျိုးကို မလိုလားတတ်ကြပါဘူး။ အဲဒီတော့ ရှင်လျက်နဲ့ မသေချင်ကြသူမှန်သမျှ၊ လူ့အဖြစ်ကို ဂုဏ်သိက္ခာရှိရှိနဲ့ နေထိုင်ဖြတ်သန်း သွားလိုသူမှန်သမျှ နအဖစိတ်ကြိုက် ရေးဆွဲပြီး လိမ်လည်အတည်ပြုထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ကျင်းပ မယ့် ၂၀၁၀ ရွေးကောက်ပွဲ မဖြစ်မြောက်ရေးကို အစွမ်းကုန် တိုက်ဖျက်ဟန့်တားဖို့ လိုပါမယ်။ တတိုင်းပြည်လုံး တခဲနက် မဲပေးအတည်ပြုထားတဲ့ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို စွဲကိုင်ပြီး ဆက်လက်တိုက်ပွဲဝင်ဖို့ လိုပါမယ်။

ဒါပမယ့် ကျနော့်တို့ဘက်ကရော လက်ရှိခေါင်းဆောင်မှု အနေအထားနဲ့ တိုက်ပွဲဝင်လို့ အောင်ပွဲရနိုင်ပါ့မလားဆိုတာကို ပြန်သုံးသပ်ဖို့ လိုပါမယ်။ တော်ကြာ “ဒီခေါင်းဆောင်မှုနဲ့ဆိုရင်တော့ အကုန်သေကုန်လိမ့်မယ်”ဆိုပြီး ကဗျာထပ်ထွက်လာ မှာဖြင့် ကိုယ်ကျိုးနည်းရချည်ရဲ့။ ဒီခေါင်းဆောင်မှု ဆိုတာကိုတော့ ရှင်းရပါမယ်။ ခေါင်းဆောင်အားလုံးကို သိမ်းကျုံး ရှုမြင်သွားမှာ စိုးလို့ပါ။ ကျနော်ဆိုလိုတာ လက်ရှိအပြင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဦးဆောင်မှုပေးနေတဲ့ မျိုးချစ် ရဲဘော်ဟောင်းကြီးတွေ ဦးစီးတဲ့ ဗဟိုကော်မတီရဲ့ ခေါင်းဆောင်မှုကို ဆိုလိုတာပါ။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင် (၂၀၀၈ ခု စက်တင်ဘာ ၂၃ မှ ပြန်လွတ်) ဦးတင်ဦးတို့ကို မဆိုလိုပါဘူး။ သူတို့သုံးဦးက အထိန်းသိမ်းခံ အနေအထားနဲ့ ဆိုတော့ ထိရောက်တဲ့ ခေါင်းဆောင်မှုလည်း မပေးနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒါ့အပြင် ဦးဆောင်နိုင်စွမ်းရှိတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေလို တိုက်ပွဲထဲက ပေါ်ထွက်လာတဲ့ ခေါင်းဆောင်တွေနဲ့ လွှတ်တော်ကိုယ်စား လှယ်တချို့ကလည်း ထောင်ထဲမှာပဲ ရှိနေပါတယ်။

အဲဒါကြောင့်မို့ အပြင်မှာရှိတဲ့ ခေါင်းဆောင်မှု အင်အားကိုပဲ တွက်ချက်ကြည့်တာပါ။ ဘာဖြစ်လို့ မျိုးချစ်ရဲဘော်ဟောင်း တွေရဲ့ ဦးဆောင်မှုကို အဓိကထား တွက်ချက်ရသလဲဆိုတော့ …

(၁) အန်အယ်လ်ဒီပါတီဆိုတာ မြေပေါ်မှာ တရားဝင်ရပ်တည်ခွင့်ရှိတဲ့ ပါတီအဖွဲ့အစည်းကြီးဖြစ်တယ်။
(၂) မြန်မာပြည်သူလူထုကြီးရဲ့ မန်းဒိတ်အရှိဆုံး ပါတီကြီးလည်းဖြစ်တယ်။
(၃) ပြည်သူလူထုက အားကိုးတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့ အဖွဲ့ကြီးလည်း ဖြစ်တယ်။

အဲဒါကြောင့်မို့ အဲဒါပါတီကြီးကို လက်ရှိဦးဆောင်နေတဲ့ ဗဟိုကော်မတီရဲ့ ဦးဆောင်မှုအနေအထားကို အဓိကထား စဉ်းစား တာ မလွန်ဘူးထင်ပါတယ်။ တခြားအဖွဲ့အစည်းတွေဆိုတာ ဘယ်လောက်ပဲ လုပ်နိုင်လုပ်နိုင်၊ ဘယ်လိုပဲ အကွက်မြင်မြင်၊ ဘယ်လောက်ပဲ တိုက်ရဲတိုက်ရဲ အန်အယ်လ်ဒီရထားတဲ့ ပါဝါမျိုး၊ လူထုထောက်ခံမှုမျိုး သူတို့တွေမှာ မရှိကြပါဘူး။ အဲဒါ ကြောင့်မို့ ကျန်တဲ့အဖွဲ့အစည်းတွေက အန်အယ်လ်ဒီကိုကျော်ပြီး ဦးဆောင်မှုပေးဖို့ဆိုတာ မလွယ်ပါဘူး။ ၀န်းရံတာ လောက် ပဲလုပ်လို့ရပါမယ်။ အန်အယ်လ်ဒီဦးဆောင်မှုကို လမ်းကြောင်းမှန်အောင် ၀ိုင်းဝန်းတည့်မတ်ပေးကြဖို့ပဲ တတ်နိုင်ပါမယ်။ အဓိက ဦးဆောင်တိုက်ပွဲဝင်ရမှာကတော့ အန်အယ်လ်ဒီ ဗဟိုကော်မတီပါပဲ။



လက်ရှိအနေအထားမှာလည်း ဗဟိုကော်မတီကို မျိုးချစ်ရဲဘော်ဟောင်းကြီးတွေကပဲ အုပ်စီးထားလေတော့ သူတို့အနေနဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်၊ ရဲရင့်တဲ့ ဦးဆောင်မှု၊ တိကျပြတ်သားတဲ့ တိုက်ပွဲလမ်းကြောင်း ချမပေးနိုင်တာနဲ့အမျှ ဒီမိုကရေ စီအင်အားစုတွေအနေနဲ့ ကြီးမားတဲ့ ဆုံးရှုံးမှုတွေနဲ့ ထပ်မံရင်ဆိုင်ရဖို့ ရှိနေပါတယ်။ အနှစ်နှစ်ဆယ်အတွင်း အပြင်မှာ တလျှောက်လုံးနီးပါး ဦးဆောင်ခွင့်ရခဲ့တုန်းကလည်း မျိုးချစ်ရဲဘော်ဟောင်းကြီးတွေအနေနဲ့ ဘာမှလောက်လောက်လား လား ဦးဆောင်မှုမပေးနိုင်ခဲ့တာကို အတိတ်ဖြစ်ရပ်တွေက သက်သေပြနေပါပြီ။

သေချာတာကတော့ မျိုးချစ်ရဲဘော်ဟောင်း ဗဟိုကော်မတီကြီးတွေရဲ့ အနေအထားက ကြာလေလေ ပိုရှင်းရှင်းလေလေ ဆိုသလိုပါပဲ။ ဘာတွေဘယ်လို ပိုရှင်းလာသလဲဆိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်ဖွဲ့စည်းချိန်ကစပြီး နအဖနဲ့ NLD - CEC မျိုးချစ်ရဲဘော်ဟောင်းကြီး (ဘောင်းဘီဝတ်နဲ့ ဘောင်းဘီချွတ်) တွေကြား လက်ဝါးချင်းရိုက် လုပ်ဆောင်ခဲ့၊ လုပ်ဆောင်နေတာတွေကို ပိုပိုပြီး ရှင်းရှင်းလင်းလင်း မြင်တွေ့လာရတာကို ပြောတာပါ။ ဟုတ်ပါ့မလားလို့ အံ့အားတသင့် မေးခွန်းထုတ်သူတွေ ထုတ်ချင်ကြလိမ့်မယ်။ အစောပိုင်းကာလတွေတုန်းကတော့ ညီညွတ်ရေး ပြိုကွဲမယ်ဆိုတဲ့စိတ်နဲ့ တော်တော်အောင့်အည်း မြိုသိပ်ခဲ့ရတယ်။ ဟုတ်နိုးဟုတ်နိုးဆိုတဲ့ စိတ်လည်းပါတာပေါ့။

အခုအခါမှာတော့ မေလဆန္ဒခံယူပွဲလိုပဲ နအဖ ဇာတ်ကြမ်းတိုက်တော့မယ့် ၂၀၁၀ ရွေးကောက်ပွဲက ဖင်လှည့်ခေါင်းလှည့်နဲ့ ရောက်လာတော့မှာမို့ မပြောမဖြစ်တဲ့ အခြေအနေကို ဆိုက်လာပါပြီ။ တချို့ဆို မျိုးချစ်ကြီးတွေရဲ့ ဦးဆောင်မှုကို ဖွတ် ထွက်မှ တောင်ပို့မှန်း သိရပါပြီလို့တောင် ပြင်းပြင်းထန်ထန် ဝေဖန်လာကြပါပြီ။ မျိုးချစ်ကြီးတွေရဲ့ ဦးဆောင်မှုကို အားမရ လို့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ညီလာခံခေါ်ဖို့ မိတ္ထီလာမြို့နယ်အဖွဲ့ချုပ်က တောင်းဆိုသလို ဥက္ကဋ္ဌ ဦးအောင်ရွှေနဲ့ ဗဟိုကော်မတီတချို့ရဲ့ ဦးဆောင်မှု၊ အာဏာရှင်ဆန်ဆန် ချုပ်ကိုင်စုဖွဲ့လာမှုကို ကျေနပ်မှုမရှိလို့ မြို့နယ် (၁၁) မြို့နယ်က အန်အယ်လ်ဒီလူငယ်တွေ နုတ်ထွက်ကြတော့မယ်ဆိုတဲ့ သတင်းတွေလည်း ကြားလာရပါပြီ။ အဲဒီတော့ မျိုးချစ်ကြီးတွေ ဆက်လက်ဦးဆောင်မှုပေးနိုင် မပေးနိုင်ဆိုတဲ့ အနေအထားကို ခွဲခြမ်းစိတ်ဖြာဖို့ လိုတာကတော့ အမှန်ပါပဲ။ ခွဲခြမ်း စိတ်ဖြာပြီးလို့ ရှင်းသွားလင်းသွားမှပဲ ဘယ်လိုဦးဆောင်မှုတွေနဲ့ တိုက်ပွဲဆက်ဖော်မလဲဆိုတာ စဉ်းစားနိုင်မှာ ဖြစ်ပါတယ်။

အာဏာရှင်ဗိုလ်နေ၀င်းရဲ့ တပည့်တပန်းတွေ ဖြစ်ခဲ့ကြတဲ့ မျိုးချစ်ရဲဘော်ဟောင်းကြီးတွေဟာ အန်အယ်လ်ဒီကို စတင် ဖွဲ့စည်းစဉ်ကတည်းက ဒေါ်အောင်ဆန်းစုကြည်နံဘေးမှာ တွယ်ကပ်ပြီး ပါခဲ့တာပါ။ စစ်အုပ်စုက သူတို့အတွက် အန္တရာယ် ရှိတယ်လို့ ယူဆတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်နဲ့ (လက်ဝဲယိမ်းတယ်လို့ စစ်အုပ်စုက ယူဆတဲ့) တတ်သိပညာရှင် အစုအဖွဲ့ဝင်တွေအားလုံးကို ဖမ်းဆီးထိန်းသိမ်း ရှင်းလင်းလိုက်စဉ်မှာ အပြင်မှာ အဓိက ကျန်ခဲ့သူတွေက မျိုးချစ်ရဲဘော်ဟောင်းတွေပါပဲ။ သူတို့ချည်းနီးပါး ကျန်ခဲ့တဲ့ အနှစ်နှစ်ဆယ်အတွင်း မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့ဟာ အန်အယ်လ်ဒီပါတီ ရပ်တည်ရှင်သန်ခွင့်ရေးဆိုတာလေးကိုပဲ ဗန်းပြပြီး နအဖပြုသမျှ နုရတဲ့ လုပ်ရပ်တွေကိုသာ လုပ် ဆောင်ခဲ့တာကို တွေ့ရပါတယ်။

၁၉၈၉ အာဇာနည်နေ့ မတိုင်မီ ဒေါ်အောင်ဆန်းစုကြည်နဲ့ မျိုးချစ်ရဲဘော်ဟောင်းတွေ အခြေအတင်ဖြစ်ခဲ့ကြတဲ့ တိပ်ခွေကို နားထောင်ကြည့်ရင် အဲဒီတုန်းက ဒေါ်အောင်ဆန်းစုကြည်ကို နအဖ ထိန်းသိမ်းလိုက်တာဟာ သွေးရိုးသားရိုးမှ ဟုတ်ရဲ့ လား၊ မျိုးချစ်ရဲဘော်ဟောင်းကြီးတွေများ နအဖကို မျက်စပစ်လိုက်လို့လားလို့ ယူဆနိုင်တဲ့ အနေအထားပါ။ ၉၀ ရွေး ကောက်ပွဲအပြီး ဂန္ဓီခန်းမမှာရတဲ့ ပွဲပြီးနိုင်တဲ့ အခွင့်အရေးကြီးကို ရေစုန်မျောသွားအောင် လုပ်ပစ်တာလည်း မျိုးချစ် ရဲဘော်ဟောင်းတွေရဲ့ ဦးဆောင်မှုပါပဲ။ ၂၆-၃-၉၁ မှာ နအဖရဲ့ ဖိအားပေး အကျပ်ကိုင်မှုကို ကြောက်ရွံ့ပြီး ဒေါ်အောင် ဆန်းစုကြည်ကို ဥပဒေမဲ့ လုပ်ရပ်တွေ ကျူးလွန်တယ်၊ အကြမ်းဖက်သမားတွေကို ခိုလှုံခွင့်ပေးတယ်လို့ အကြောင်းပြပြီး ပါတီကထုတ်ပစ်ကာ ဗဟိုကော်မတီကို အသစ်ပြန်လည်ဖွဲ့စည်းလိုက်တာလည်း မျိုးချစ်ရဲဘော်ဟောင်းတွေပါပဲ။

ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျနေတုန်း ၁၉၉၃ ဇန်န၀ါရီမှာ ဦးအောင်ရွှေ ခေါင်းဆောင်တဲ့ ကိုယ်စားလှယ် (၈၆) ဦး နအဖလုပ်တဲ့ အတုအယောင် အမျိုးသားညီလာခံကို သွားတက်တာလည်း မျိုးချစ်ရဲဘော်ဟောင်းတွေ စနက်ပါပဲ။ နိုင်ငံရေးမှုနဲ့ ထောင်ကထွက်လာတဲ့ ပါတီဝင်တွေကို ပါတီဝင်အဖြစ် ပြန်လက်မခံတော့တာလည်း မျိုးချစ်ရဲဘော်ဟောင်းတွေပါပဲ။ ရွှေဝါရောင်တော်လှန်ရေးမှာ တုပ်တုပ်မျှမလှုပ်ဘဲ နအဖအလိုကျ အသံတိတ် နှုတ်ဆိတ်နေခဲ့တာလည်း မျိုးချစ် ရဲဘော်ဟောင်းတွေပါပဲ။ ၂၀၀၈ နအဖ ဆန္ဒခံယူပွဲနဲ့ နာဂစ်အရေးမှာ တိကျပြတ်သားတဲ့ ဦးဆောင်မှုမပေးနိုင်ခဲ့တာလည်း မျိုးချစ်ရဲဘော်ဟောင်းတွေပါပဲ။

အဲဒီတော့ ပြန်ကြည့်ရင် အနှစ်နှစ်ဆယ်အတွင်းမှာ အပြင်မှာတလျှောက်လုံး ဦးဆောင်ခွင့်ရခဲ့တဲ့ မျိုးချစ်ရဲဘော်ဟောင်း တွေဟာ တိကျပြတ်သားတဲ့ ဦးဆောင်မှု ဘာတခုမှ မပေးနိုင်ဘဲ နအဖအလိုကျ အလိုက်သင့် ကခုန်နေခဲ့ကြတာကိုပဲ တွေ့ရပါတယ်။ ဘာတိုက်ပွဲမှ မဖော်ဆောင်ဘဲ မျက်နှာပြောင်ပြောင်နဲ့ ကြေညာချက်တွေပဲ ထုတ်လာလိုက်တာ အခုဆိုရင် အထူးကြေညာချက်အဆင့်ကို ရောက်နေပါပြီ။ ၂၀၁၀ ရောက်တဲ့အထိလည်း မြန်မာပြည်က လက်ဖက်ရည်တွေလို ရှယ်၊ ထူးရှယ်၊ ရှယ်တကာ့ရှယ်ဆိုတဲ့ ကြေညာချက်တွေပဲ ထုတ်ရင်း ငုတ်တုတ်ထိုင်နေတော့မယ် ထင်ပါရဲ့။

တဖက်က ပြန်စဉ်းစားကြည့်လျှင်လည်း နအဖအနေနဲ့ မျိုးချစ်ကြီးတွေကို အနှစ်နှစ်ဆယ်လုံးလုံး မဖမ်းမဆီးဘဲ အန်အယ်လ်ဒီကို ဦးဆောင်ခိုင်းထားတာဟာ သူတို့စစ်အုပ်စုအတွက် အကျိုးအမြတ်တွေ တသီကြီးရနေလို့ဆိုတာ ရှင်းပါတယ်။ အစွမ်းအစမရှိတဲ့ မျိုးချစ်ကြီးတွေ အန်အယ်လ်ဒီကို ဦးဆောင်ခိုင်းထားခြင်းအားဖြင့် စစ်အုပ်စုအနေနဲ့ အန်အယ်လ်ဒီကို ဖျက်သိမ်းစရာမလိုတော့ဘဲ ကမ္ဘာကိုလည်း မျက်နှာပြရတာ ကောင်းသွားတယ်။ မြန်မာပြည်မှာ အတိုက်အခံအဖွဲ့အစည်း တရားဝင် ရပ်တည်ခွင့်ပေးထားပါတယ် ဆိုရုံလေးပေါ့။ နောက်ပြီး နအဖဟာ သူတို့စကားကို နားလည်းထောင်၊ ကြောက်လည်းကြောက်တဲ့ မျိုးချစ်ကြီးတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် မလှုပ်သာမရှားသာအောင် အတိုင်အဖောက်ညီညီ လူညှပ်ကစားရတာကို တော်တော်လည်း ခြေတွေ့ပုံပေါ်တယ်။ မျိုးချစ်ကြီးတွေနဲ့ အနှစ် နှစ်ဆယ်လုံးလုံး အပေးအယူမျှခဲ့မှတော့ ခြေတွေ့တာ မဆန်းဘူးပေါ့လေ။

အဲဒီတော့ ပြန်ချုပ်ရရင် အနှစ်နှစ်ဆယ်အကြာမှာ အဖြေက ရှင်းသလောက် ဖြစ်နေပါပြီ။

ဘယ်လိုရှင်းတာလဲဆိုတာ့ မျိုးချစ်ရဲဘော်ဟောင်းတွေ အုပ်စီးထားတဲ့ အန်အယ်လ်ဒီဗဟိုကော်မတီရဲ့ ဦးဆောင်မှုဟာ မျှော်လင့်စရာ အနေအထား လုံးဝ… လုံးဝကို မရှိဘူးဆိုတာပါပဲ။ မျိုးချစ်တွေရဲ့ ဦးဆောင်မှုနဲ့သာ ဆက်သွားရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေလည်း လွတ်လမ်းမမြင်၊ လူထုတိုက်ပွဲ ထပ်ဖြစ်လာရင်လည်း ထပ်မံရှုံးနိမ့်ရဦးမယ့် အခြေအနေနဲ့ပဲ တိုးရလိမ့်ဦးမယ်လို့ မြင်မိပါတယ်။ အဲဒီတော့ ရာဇ၀င်ထဲမှာ မျိုးချစ်ရဲဘော်ဟောင်း ကြီးတွေကို ထားခဲ့တော့မလား၊ သူတို့ရဲ့ ဦးဆောင်မှုနေရာကို ၀င်ယူနိုင်အောင် ကြိုးစားပြီး တိုက်ပွဲလမ်းကြောင်း တည့်မတ်နိုင်အောင် ကြိုးစားမလား သို့တည်းမဟုတ် တခြားစုစည်းညီညွတ်တဲ့ တပ်ပေါင်းစုဖွဲ့ပြီး ပြတ်သားတဲ့ တိုက်ပွဲဝင်မှုအတွက် ပြင်ဆင်ကြမလားဆိုတာ အလျင်အမြန် ဆုံးဖြတ်လုပ်ဆောင်ကြရမယ့် အခြေအနေကို ဆိုက်ရောက်နေပါပြီ။ နို့မဟုတ်လို့ကတော့ ၂၀၁၀ ရွေးကောက်ပွဲ ဖြစ်မြောက်သွားပြီးရင် လူငယ်ဟစ်ပ်ဟော့ပ် ဂီတသမားလေးတွေ ပါးစပ်ဖျားက သီချင်းစာသားတချို့ ပွင့်အန်ထွက်ကျလာမှာကို စိုးထိတ်နေမိပါတယ်။

အနှစ်နှစ်ဆယ်ကြာ သေပြီဆရာ …
အနှစ်နှစ်ဆယ်ကြာ သေပြီဆရာ … …
အနှစ်နှစ်ဆယ်ကြာ သေပြီဆရာ … … …

(အထက်ပါ ဆောင်းပါးတွင် ပါဝင်သည့် အယူအဆများမှာ စာရေးသူ၏ အာဘော်သာ ဖြစ်ပါသည်။ အဆိုပါဆောင်းပါးနှင့် ပတ်သက်ပြီး အန်အယ်လ်ဒီ မျိုးချစ်ရဲဘော်ဟောင်းများ ခေါင်းဆောင်မှု ရှုထောင့်မှ ပြန်လည်ချေပသည့် ဆောင်းပါးများ ရေးသားလိုပါက ခေတ်ပြိုင်သို့ (khitpyaing.news@gmail.com) ဖြင့် ပေးပို့နိုင်ပါသည် - အယ်ဒီတာ )

By NEJ

URL: http://www.khitpyaing.org/archives/3998

No comments: