Tuesday, September 30, 2008

ရန်ကုန် မြို့တော်ခန်းမအား လုံခြုံရေးတင်းကျပ်

NEJ/၂၉ စက်တင်ဘာ ၂၀၀၈။ ။

စီမံချက်တရပ်အနေဖြင့် ယနေ့မှစ၍ မြို့တော်ခန်းမအတွင်းသို့ မည်သည့်လက်ကိုင်အိတ်မျိုးမှ ယူဆောင်ခွင့်မပြုတော့ကြောင်း ခန်းမဧည့်အ၀င်ပေါက် တာဝန်ကျ စည်ပင်ရဲများက ပြောသည်။

“ဒီ စီမံချက်ကို စတင်တာ မြို့တော်ခန်းမ လုံခြုံရေးအတွက်ပါ၊ မကြာမကြာ ဗုံးတွေ ပေါက်နေတဲ့အတွက် ခန်းမလုံခြုံရေးကို အကာအကွယ်ယူတဲ့ သဘောပါ” ဟု တာဝန်ကျ စည်ပင်ရဲတဦးကပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ (၂၅) ရက် နံနက် (၁၀) နာရီ (၄၀) မိနစ်ခန့်တွင် မြို့တော်ခန်းမ မျက်နှာစာတည့်တည့်ရှိ မဟာဗန္ဓုလပန်းခြံအနီး ကားမှတ်တိုင်တွင် ဗုံးပေါက်ကွဲမှု တခုဖြစ်ပွားခဲ့သည်။ အဆိုပါ ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီးနောက် ယခုကဲ့သို့ မြို့တော်ခန်းမတွင်းသို့ မည်သည့် လက်ကိုင်အိတ်ကိုမျှ ယူဆောင်ခွင့် မပေးခြင်း ဖြစ်သည်ဟု သိရသည်။

တောင်ဒဂုံမှ မြို့တော်ခန်းမသို့ အလုပ်ကိစ္စဖြင့်လာသူ အမျိုးသမီးတဦးက “ဘာပဲဖြစ်ဖြစ် ပိုက်ဆံလေး ဘာလေး ထည့်လာတော့ ပိုက်ဆံအိတ်ကတော့ ပါတာပေါ့ရှင်၊ အခုဟာက ပိုက်ဆံအိတ်ကိုတောင် မယူရဘူးဆိုတော့ လွန်အားကြီးပါတယ်။ အခု လာတာက လေလံပေးမယ့် ကိစ္စရပ်တွေအတွက် သိချင်တာတွေကို စီမံဌာနမှာ စုံစမ်းနိုင်တယ်ဆိုလို့ လာတာပါ၊ ဒီနေ့တော့ ပိုက်ဆံအိတ်ပါလာတော့ ၀င်လို့ မရဘူးလေ။ မနက်ဖြန်မှပဲ လာပေါ့တဲ့” ဟုပြောသည်။

(၂၅) ရက်ဗုံးပေါက်ကွဲပြီး နောက်တနေ့မှစတင်ကာ မြို့ တော်ခန်းမ ဘေးပတ်လည်ရှိ ပလက်ဖေါင်းများကို ပြန်လည် ပြင်ဆင်နေကြောင်း၊ မြို့ တော် ခန်းမတွင် CCTV လုံခြုံရေး ကင်မရာ (၉) လုံးတပ်ဆင်ထားပြီး စည်ပင်ရဲများအား ခန်းမဘေး ပတ်လည်တွင် ချထားကြောင်း မျက်မြင်များက ပြောသည်။

အနက်ရောင်ဝမ်းဆက်ဝတ်ထားသည့် မျက်နှာဖုံးမှန်ကာ ဦးထုပ်များနှင့် လက်နက်အပြည့်အစုံ တပ်ဆင်ထားသော အထူးရဲကွန်မင်ဒိုများ၊ အပြာဝမ်းဆက် လည်ပတ်အနီများနှင့် လုံထိန်းများ၊ အပေါ်မီးခိုး အောက်အပြာဝတ်ထားသည့် ပုံမှန်ရဲများကိုလည်း ရန်ကုန်မြို့ နေရာအနှံ့တွင် လုံခြုံရေးချထားကြောင်း ရန်ကုန်မြို့ခံများကပြောသည်။

By NEJ

URL: http://www.khitpyaing.org/archives/4064

အပြည့်အစုံသို့...

ပြန်ခေါက်ထားပေးပါ

No comments: