Saturday, October 27, 2007

စစ်ခွေးတိုက်မှာ ဇာဂနာ့ တနေ့တာ



စစ်ခွေးတိုက်မှာ ပိုင်ဆိုင်သမျှ

စိတ်ကူးယဉ်တဲ့ အလုပ်ကလွဲလို့ ဘာမှ လုပ်စရာမရှိတဲ့ နေရာပါဗျာ။ မိုးလင်းကနေ မိုးချုပ် ငုတ်တုတ် ထိုင်နေရုံကလွဲလို့ ဘာမှ လုပ်စရာမရှိ။ စကားပြောဖော် မရှိ။ မိခင်ဘာသာစကားတောင်
မေ့သွားမှာစိုးလို့ စမ်းပြီးပြောပြော ကြည့်နေရတာ။ အီအီးပါလို့ကလည်း မဖြောင့် ရှူးရှူးပန်းလို့ကလည်း အဆင်မပြေ။ ဒန်ပန်းကန်ပြားသာသာ မိလ္လာခွက်ထဲ အီအီးရော ရှူရှူးရော ပါလည်းပါ
ပန်းလည်းပန်း လုပ်ရတာကိုး။ အီးနှစ်တုံးလောက်ဆို ပေါက်ပြီးသား ရှူရှူးတွေက ဖင်ပြန် စင်နေပြီ။ ကိုယ့်ရှူရှူ ကိုယ်ရွံနေလို့ မဖြစ်ပါဖူးလေ လို့သာ သဘောပိုက်ရပါတော့တယ်။ ပါလိုက်ဦးဟ ပန်းလိုက်ဦးဟ။
အီအီးနဲ့ ဆန့်ကျင်ဖက် မန်မန်ကျတော့လည်း တော်တော် အဆင်ပြေသား ခမျ။ စာထဲပေထဲမှာတော့
ရောင်စုံသူပုန်ပဲ ကြားဖူးတာ၊ ခုတော့ ရောင်စုံထမင်း ဆိုတာ တွေ့နေပါပြီ။ အမယ် ဒါတောင် စိတ်မဆိုးနဲ့နော် စိတ်ဆိုးလို့များ ထမင်းလုံးနဲ့ ကောက်ပေါက်လိုက်ရင် နဖူးကွဲသွားမှာ ဘာမှတ်နေလဲ။ ကိုယ့်မှာက စားစရာဆိုလို့ ပါးစပ်တစ်ခုပဲ ပါတာဆိုတော့ ထောင်ကကျွေးတဲ့ ဟင်းပဲ အကောင်းအကန်း လုပ်စားရတာပ။




မနက် ပဲဟင်းတဲ့။ ကိုယ်ပျောက်ပဲ။ လူကြီး အငိုတိတ်အောင် အရိပ်အရောင် မမြင်ရတဲ့ ပဲ ဆိုမှ ပဲဟင်းပါ ခမျ။
ညနေကျတော့ တာလပေါ ဟင်း။ ထောင်စည်းရိုးနားမှာ သန့်ရှင်းရေး ကောင်းနေပုံရတယ်။ ဘာပင် ဘာရွက်မှန် မသိတဲ့ အလေ့ကျတွေလည်း ဖြစ်နိုင်ပါရဲ့။ တွေ့ရာအရွက် ထည့်လို့သာ ချက်ထားတဲ့ တာလပေါနဲ့ မကြာမျှောပြီးရင်ပဲ လာပကောလို့သာ ရေရွတ်လိုက်ပါတော့။ ဂွီဂွီဂွမ်ဂွမ် အသံတွေပေးလို့ လုပ်သားမောင် ၀မ်းနှုတ်ဆေး အမလေး အဘလေး တ သွားလောက်ပါရဲ့။ အိုဘယ့် တာလပေါ။ ကိုယ့်မှာသာ အစားခက် အပေါက်ခက် အပါခက် အနေခက်နေတာ အောင်မာ ထောင်ကျတွေကတော့ ပျော်လို့ဗျား။ ဇာဂနာ တည်းခိုနေရာ စစ်ခွေး နံဘေးက ကွက်လပ်ထဲမှာ မိန်းမ ဘော်လီဘောပြိုင်ပွဲနဲ့ ယောင်္ကျားဘောပွဲ လာလို့များတောင် ကျင်းပနေသေးရဲ့။ တရွှီးရွှီး တဖြောင်းဖြောင်းနဲ့ အာဆီယံမှာ အလံမလွှင့်နိုင်တဲ့ မြန်မာအသင်းတောင် မျက်ရည်ဘူးသီးလောက် ကျသွားလောက်ပါရဲ့။ မှောင်တဲ့အထိ ကန်နေလိုက်ကြတာ။
အော် သူတို့တွေ ခမျာလည်း ဒီလိုမှမနေရင် ဘယ်လိုနေကြမလဲ ထိုင်ငိုနေလို့မှ ထောင်က လွတ်မှာ မဟုတ်ပဲ လို့ တွေးပြီး မြန်မာ့အသံကလွှင့်တဲ့ ဘောပွဲလို အသံသာ နားထောင်ပြီး တနေကုန် လိုက်ရပါတော့တယ်။ ကိုင်း … နေ၀င်ပြီဆိုတာနဲ့ တပ်ထောင်ထာ ခြင်ထု အင်အားစုလို့ လာပြန်တော့ တို့တာဝန်အရေးရယ်ကြောင့် ခြင်နှိမ်နှင်းရေး လုပ်ငန်း စလိုက်ရပါတော့တယ်။ လိုက်သတ်တာတော့ မဟုတ်ပါ။ ပုဆိုးနဲ့ ခါထုတ်ရတာပေါ့။ မရိုသေ့စကား အဲဒီအချိန်မှာတော့ ဇာဂနာ ဖင်တုန်းလုံးလေးနဲ့ ခမျ။ ဟီဟိ ချစ်စရာလေး။ ဒီလို ခါထုတ်မှ မကိုက်ရတဲ့ ခြင်တွေခမျာ တဖြေးဖြေး တပ်ကွဲသွားပြီး ည ၁၁ နာရီလောက်မှာ ပျောက်ဆုံးသွားပါလေရော။ ဒီလိုနဲ့ပဲ ဇာဂနာ့ တစ်နေတာဟာ ပြီးဆုံးခဲ့ရပါတယ်။ သူများတကာ အိပ်ချိန်ရောက်ပြန်လဲ မအိပ်နိုင် နံရံမှီပြီး လုပ်စရာမရှိ ရေပဲသောက်လို့ ခြင်တပ်ကြီး မပျောက်မချင်း ထိုင်လို့သာ စောင့်နေရပါတော့တယ်။


ဒေါက်တာလွဏ်းဆွေဘလော့ဂ်မှကူးယူဖေါ်ပြသည်။

No comments: