Wednesday, October 31, 2007

လွတ်မြောက်လာသူများ ကျန်းမာရေးမကောင်း

ကိုစိုး | အောက်တိုဘာ ၃၁၊ ၂၀၀၇

စစ်အစိုးရအာဏာပိုင်များက မကြာသေးခင်က ဖြစ်ပွားခဲ့သော ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများအတွင်း ဖမ်းဆီးထားသူများထဲမှ ယမန်နေ့ညက ပြန်လွှတ်ပေးသည့် ၇ ဦးတွင် အများစုမှာကျန်းမာရေး ထိခိုက်နေကြကြောင်း သိရသည်။

ပြန်လွတ်လာသူ ၇ ဦးထဲမှ ဦးမြင့်သိန်းအပါအ၀င် ဦးဟန်ဇော်၊ ဒေါ်လဲ့လဲ့နှင့် ဦးဗလတို့သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) မှဖြစ်ပြီး ကျန်လူများမှာ ဇိုမီးအမျိုးသားကွန်ဂရက် ပါတီဥက္ကဌ ဦးကျင့်ရှင်းထန်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားပြုကော်မတီ အဖွဲ့ဝင်နှင့် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ် (ယူအန်အယ်လ်ဒီ) လွှတ်တော် ကိုယ်စားလှယ် ဦးထောင်ခိုထန်းနှင့် အမျိုးသားရေး ဦးဝင်းနိုင်တို့ ဖြစ်သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပြန်ကြားရေးတာဝန်ခံ ဦးဥာဏ်ဝင်းက ပြောသည်။

“ကျန်းမာရေးကတော့ အားလုံးချွတ်ယွင်းနေကြတယ်၊ ဒီနေ့ ဆေးစစ်ဖို့ လုပ်နေကြတယ်၊ မနေ့ညက လွတ်တဲ့ ၇ ဦးထဲက ဦးမြင့်သိန်း၊ ဦးဟန်ဇော်၊ ဒေါ်လဲ့လဲ့တို့ဟာ ဆေးစစ်ဖို့လိုနေပါတယ်၊ လူတွေ ၀ိတ်တွေလည်း အတော် ကျနေကြတယ်၊ ဦးကျင့်ရှင်းထန်နဲ့ကတော့ ကျနော် မတွေ့ရသေးပါဘူး”ဟု ဦးဥာဏ်ဝင်းက ပြောသည်။

ဖမ်းဆီးခံရသူများသည် အပြစ်မရှိဘဲ ဖမ်းဆီးခံရခြင်းဖြစ်ပြီး အန်အယ်လ်ဒီ အဖွဲ့ဝင် ၁၀၀ ခန့် ပြန်လွှတ်ရန် ကျန်ရှိနေသေး ကြောင်း ၎င်းကပြောသည်။ ပြီးခဲ့သည့် ဆန္ဒပြပွဲများအတွင်း အန်အယ်လ်ဒီ အဖွဲ့ဝင် ၃၀၀ နီးပါး ဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။

“ဂန်ဘာရီ၊ ပီညဲရိုးခရီးစဉ်တွေနဲ့ အစိုးရဘက်ကတော့ ဆက်စပ်ကောင်း ဆက်စပ်နိုင်ပါတယ်၊ ကျနော် သိတာကတော့ ကျနော်တို့လူတွေက ဘာအပြစ်မှ မကျူးလွန်ဘဲ အဖမ်းခံရတာ၊ အစိုးရဘက်က ဘယ်လို ယူဆသလဲ ဆိုတာကတော့ ကျနော် မပြောတတ်ဘူး၊ အန်အယ်လ်ဒီ အဖွဲ့ဝင် ၁၀၀ လောက်လွတ်ဖို့ ကျန်နေသေးတယ်လို့တော့ ခန့်မှန်းရပါတယ်”ဟု လည်း ဦးဥာဏ်ဝင်းက ပြောဆိုသည်။

ယူအန်အယ်လ်ဒီ မှ ဦးထောင်ခိုထန်းသည်လည်း ယမန်နေ့ ည ၁၀ နာရီ ခန့်က နေအိမ်သို့ ပြန်လည် ရောက်ရှိလာရာ ကျန်းမာရေးချို့ယွင်းလာသောကြောင့် ဆေးဝါး ကုသမှု ခံယူနေရကြောင်း ဇနီးဖြစ်သူ က ပြောသည်။

“ကျမ ယောက်ျား အခုလိုပြန်လွတ်လာတာကိုတော့ ၀မ်းသာပါတယ်၊ ဒါပေမယ့် ကျန်းမာရေးထိခိုက်လာတယ်၊ ထောင်ထဲမှာ သွေးတိုးဖြစ်လာလို့ အခုဆေးကုနေရတယ်”ဟုလည်း ဦးထောင်ခိုထန်း၏ ဇနီးကပြောသည်။

ဦးထောင်ခိုထန်းနှင့် တွေ့ဆုံခဲ့သော ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အေအယ်လ်ဒီ) ဥက္ကဌ ဦးအေး သာအောင်က “ထောင်ထဲမှာ သူကောင်းကောင်း မအိပ်ရဘူး၊ အာဏာပိုင်တွေက နေ့ရောညပါ မေးခွန်းတွေကို လာလာမေးနေတော့၊ သူအိပ်လို့မရအောင် နှောင့်ယှက်တဲ့သဘောဖြစ်နေတယ်”ဟု ပြောပြသည်။

ဦးထောင်ခိုထန်းသည် အင်းစိန်ထောင်မှ ပြန်လွတ်လာခြင်းဖြစ်ပြီး ထောင်ထဲတွင် ပတ္တနိက္ကုဇ္ဇန ကံဆောင်ခြင်းကို ဆက်လက် ၍ကံဆောင်နေသော သံဃာတော်တချို့နှင့်တွေ့ခဲ့ရကြောင်း၊ အဆိုပါ သံဃာတော်များသည် အာဏာ ပိုင်များကပ်လှူသည့် လှူဖွယ်ဝတ္ထုများကို ယခုအချိန်အထိလက်မခံကြကြောင်း၊ နေ့လွဲညစာသုံးဆောင်ခြင်းလည်း မပြုကြောင်း ဦးထောင်ခိုထန်းကပြောပြသည်ဟု ဦးအေးသာအောင်က ဆိုသည်။

ယခု ပြန်လွတ်လာသော အမျိုးသားရေးဦးဝင်းနိုင်သည်လည်း ဖမ်းဆီးခံထားရစဉ် ထောင်တွင်း၌ သွေးတိုးရောဂါ ကိုခံစားရ ကြောင်း၊ ဦးဝင်းနိုင်သည် မကြာသေးခင်က ဖြစ်ပွားခဲ့သည့် ငြိမ်းချမ်းစွာဆန္ဒပြသော သံဃာတော်များ အား ဆွမ်းကွမ်း စားသောက်ဖွယ်ရာများကို ကပ်လှူသည့်အတွက် အာဏာပိုင်များ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရခြင်းဖြစ် ကြောင်း သိရသည်။

ယမန်နေ့က မန္တလေး ထောင်မှလည်း ဖမ်းဆီးထားသူ ၃၂ ဦး ကို အာဏာပိုင်များက ပြန်လွှတ်ပေးလိုက်ကြောင်း အန်အယ်လ်ဒီ အဖွဲ့၏ ပြောကြားချက်အရ သိရသည်။


္စဧရာဝတီအင်တာနက်စာမျက်နှာမှကူးယူဖေါ်ပြသည်။

No comments: