Sunday, October 21, 2007

မစၥတာ ဂမ္ဘာရီ အိႏၵိယကို တနင်္ဂနွေမှာ ရောက်မည်

မုံပီး (မဇ္ဈိမသတင်းဌာန)

မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူး ကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ သည် အိန္ဒိယအရာရှိများနှင့် မြန်မာ့အရေး ဆွေးနွေးပွဲများ ကျင်းပရန်အတွက် လာမည့် တနင်္ဂနွေနေ့တွင် အိန္ဒိယနိုင်ငံ နယူးဒေလီသို့ ရောက်ရှိလာမည် ဖြစ်သည်ဟု ကုလအရာရှိတဦးက ပြောသည်။

“လာမယ့် တနင်္ဂနွေ (အောက်တိုဘာလ ၂၂ ရက်) မှာ မစ္စတာ ဂမ်ဘာရီ နယူးဒေလီကို ရောက်လာပါလိမ့်မယ်။ တနင်္လာနဲ့ အင်္ဂါမှာတော့ အိန္ဒိယ နိုင်ငံခြားရေးရာ ဌာနက အရာရှိတွေနဲ့ ဆွေးနွေးပွဲ ရှိပါတယ်” ဟု နယူးဒေလီ အခြေစိုက် ကုလသမဂ္ဂ သတင်းဌာနမှ အရာရှိတဦးက ပြောသည်။

နိုင်ဂျီရီးယမ်း သံတမန်၏ ဆွေးနွေးပွဲ အစီအစဉ် အသေးစိတ်ကိုမူ သိရှိနိုင်ခြင်း မရှိသော်လည်း မစ္စတာ ဂမ်ဘာရီ အနေဖြင့် နိုင်ငံခြားရေးရာ ဝန်ကြီး ပရာနက်ဘ် မူခါဂျီနှင့် နိုင်ငံခြားရေး ဌာနမှ အခြား အရာရှိများကို တွေ့ဆုံဖွယ် ရှိသည်ဟု သိရသည်။

မစ္စတာ ဂမ်ဘာရီသည် မြန်မာနိုင်ငံနှင့် ပတ်သက်၍ အဓိကကျသည့် အာရှနိုင်ငံ ၆ နိုင်ငံနှင့် တွေ့ဆုံ ဆွေးနွေးရန်အတွက် ခရီးစဉ်ကို ပြုလုပ်နေခြင်းဖြစ်ကာ မလေးရှားနှင့် ထိုင်းနိုင်ငံအပြီး အင်ဒိုနီးရှား နိုင်ငံတွင် လက်ရှိ ရောက်ရှိနေကာ အိန္ဒိယပြီးလျှင် တရုတ်နှင့် ဂျပန်နိုင်ငံများသို့လည်း သွားရောက်မည် ဖြစ်သည်။

မစ္စတာ ဂမ်ဘာရီ၏ ခရီးစဉ်သည် စစ်တပ် အုပ်ချုပ်သည့် မြန်မာနိုင်ငံတွင် အပြောင်းအလဲများ ပြုလုပ်ရန်အတွက် ဖြစ်နိုင်ချေရှိသည့် နည်းလမ်းများကို အရှေ့တောင် အာရှနှင့် ဒေသတွင်းရှိ နိုင်ငံများနှင့် ဆွေးနွေး ညှိနှိုင်းရန်အတွက် ကုလသမဂ္ဂ၏ အစီအစဉ် တစိတ်တဒေသ ဖြစ်သည်။

ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲရန်အတွက် နအဖ စစ်အစိုးရကို နိုင်ငံတကာ အနေဖြင့် ဆုလာဒ်ပေးရေး နည်းစနစ်ကို အသုံးပြုသင့်ကြောင်း ကြာသပတေးနေ့တွင် မစ္စတာ ဂမ်ဘာရီက ပြောဆိုခဲ့သည်။

ပြီးခဲ့သည့်လအတွင်းက သံဃာတော်များ ဦးဆောင်သည့် ငြိမ်းချမ်းသော ဆန္ဒပြပွဲများကို အကြမ်းဖက် နှိပ်ကွပ်ကာ တုံ့ပြန်ခဲ့သည့် အနေဖြင့် အမေရိကန်နှင့် ဥရောပနိုင်ငံများမှ မြန်မာနိုင်ငံကို ပိတ်ဆို့မှု ထပ်မံ တိုးချဲ့ရန်အတွက် ခြိမ်းခြောက်နေသည်။

သို့သော်လည်း ဗုဒ္ဓဟူးနေ့က ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒန် ဘရောင်းက ပြောကြားရာတွင် နအဖ အနေဖြင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ဒီမိုကရေစီရေးအတွက် ဆက်လက် ဆောင်ရွက်ပါက မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံရန် ဆန္ဒရှိသည်ဟု ပြောဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလ နှောင်းပိုင်းတွင် ရန်ကုန်နှင့် တိုင်းပြည်၏ အခြားနေရာများ၌ ဆန္ဒပြပွဲများ အထွဋ်အထိတ်သို့ ရောက်ရှိနေချိန်၌ မြန်မာနိုင်ငံသို့ မစ္စတာ ဂမ်ဘာရီ လာရောက် လည်ပတ်ခဲ့ရာ အဖမ်းဆီးခံ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ကို တွေ့ဆုံခဲ့သည်။

လာမည့် နိုဝင်ဘာ လလယ်ပိုင်းတွင် မြန်မာပြည်သို့ ထပ်မံ လာရောက် လည်ပတ်ရန်အတွက် နအဖ စစ်ဗိုလ်ချုပ်များ၏ ဖိတ်ကြားစာကို လက်ခံ ရရှိထားသည်ဟု မစ္စတာဂမ်ဘာရီသည် မကြာသေးခင်က ဘန်ကောက်တွင် သတင်းထောက်များကို ပြောဆိုခဲ့သည်။

No comments: