Wednesday, October 31, 2007

ငွေကြာယံကျောင်းတိုက် ပညာဒါနကျောင်း ယခုနှစ်မဖွင့်နိုင်

ကိုသက် | အောက်တိုဘာ ၃၁၊ ၂၀၀၇

ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်ရှိ ငွေကြာယံ ပရိယတ္ထိစာသင်တိုက်တွင် နှစ်စဉ်ဖွင့်နေကြဖြစ်သည့် အခြေခံပညာ အထက်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသူ ကျောင်းသားများအတွက် ပညာဒါနသင်တန်းများ ယခုနှစ်မဖွင့်နိုင်ကြောင်း သိရသည်။

အခြေခံပညာအထက်တန်းအဆင့် ပညာဒါနသင်တန်းများကို နှစ်စဉ် နိုဝင်ဘာ လဆန်းပိုင်းတွင် ဖွင့်လှစ်လေ့ရှိပြီး ငွေကြာယံ ကျောင်းတိုက်၌ ကျောင်းထိုင်ဆရာတော်နှင့်တကွ သံဃာတော်များမရှိကြသောကြောင့် သင်တန်းများ မဖွင့်နိုင်ခြင်းဖြစ် သည်ဟု ငွေကြာယံကျောင်းတိုက်နှင့် နီးစပ်သူတဦးက ဧရာဝတီကို ပြောသည်။

“တောင်ဒဂုံ၊ မြောက်ဒဂုံ၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာနဲ့ သင်္ကန်းကျွန်းက ဆယ်တန်းတနှစ်ကျပြီး ပြန်မတက်နိုင်တဲ့ အလုပ်တဖက်နဲ့ကလေးတွေအတွက် ဖြည့်ဆည်းပေးနေတဲ့ကျောင်းပါ။ နှစ်စဉ် ကျောင်းသူ ကျောင်းသား ထောင်နဲ့ချီပြီး တက်ကြပါတယ်” ဟု ပထ၀ီဘာသာသင်ကြားဖူးသည့် ကျူရှင်ဆရာ ဦးအောင်ခိုင်စိုးက ဧရာဝတီကို ပြောသည်။

သင်တန်းသူ၊ သင်တန်းသားများအား ဘုန်းကြီးကျောင်းဝန်းအတွင်း၌ မဏ္ဍပ်ထိုးကာ ပညာသင်ကြားပေးခြင်း ဖြစ်ပြီး ရန်ကုန်ရှိအောင်မြင်သည့် ကျူရှင်ဆရာများက ကုသိုလ်ဖြစ် အခမဲ့သင်ကြားပေးကြခြင်းဖြစ်၍ အပြင် ကျူရှင်စရိတ် မတတ်နိုင်ကြသည့် နေ့ကျောင်းတက်နေသူများလည်း လာရောက်သင်ယူကြသည်ဟု ဦးအောင်ခိုင်စိုးက ပြောသည်။

ငွေကြာယံ ပရိယတ္ထိစာသင်တိုက်၏ ဆရာတော် ဦးရေ၀တမှာ နိုင်ငံတော် သံဃာမဟာနာယကအဖွဲ့၊ အမှတ် ၂ အဖွဲ့မှ ဒုဥက္ကဌ ဖြစ်သည်။ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကို ဦးဆောင်ဆရာတော် ၄၇ ပါးဖြင့် အဖွဲ့ ၃ ဖွဲ့ခွဲကာ ဖွဲ့စည်းထားပြီး တဖွဲ့လျှင် ဆရာတော် ၁၅ ပါးခန့် ပါဝင်သည်။ ယခုအခါ သံဃမဟာနာယကဆရာတော်များကို ကျောင်းပြန်ခွင့်မပေးဘဲ ကမ္ဘာအေး ဘုရားဝန်းအတွင်းရှိ သာသနာ့နယ်မြေတွင် အာဏာပိုင်တို့က ခေါ်ယူထားသည်ဟု သာသနာရေး ဦးစီးဌာနနှင့် နီးစပ်သူ တဦးက ဧရာဝတီကို ပြောသည်။

ငွေကြာယံကျောင်းတိုက်ကို စက်တင်ဘာလ ၂၆ ရက်နေ့ည ၁၂ နာရီကျော်တွင် လက်နက်ကိုင်စစ်သားနှင့် လုံထိန်း ၂၀၀ ကျော်တို့က မျက်ရည်ယိုဗုံးနှင့် သေနတ်များသုံး၍ စီးနင်းကြပြီး သံဃာတော်အပါး ၁၀၀ ကျော်ကို အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးကာ လူဝတ်လဲလိုက်သည်ဟု သာသနာရေး ဦးစီးဌာနနှင့် နီးစပ်သူက ပြောသည်။ နောက်တနေ့၌ ငွေကြာယံတွင် ကျန်နေသေးသည့် သံဃာများကို ထပ်မံဖမ်းဆီးပြီး ကမ္ဘာအေးဘုရားဝန်းအတွင်းရှိ သာသနာ့နယ်မြေတွင် သင်္ကန်းမချွတ်ဘဲ ထားသည်ဟုလည်း ၎င်းကဆိုသည်။

နှစ်စဉ်အောက်တိုဘာလတွင် သင်တန်းများဖွင့်မည့်နေ့ရက်ကို “ငွေကြာယံ ပညာဒါနအလှူတော်” ဟူသည့် စာသားပါ ဆိုင်းဘုတ်များအား ငွေကြာယံကျောင်းဝနှင့် တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာ၊ သင်္ကန်းကျွန်း၊ တောင်ဒဂုံနှင့် မြောက်ဒဂုံ စသည့် မြို့နယ်များရှိ လမ်းမများတွင် ကြော်ငြာထားလေ့ရှိပြီး ၎င်းဆိုင်းဘုတ်များကို ယခုနှစ်မတွေ့ရကြောင်း အဆိုပါမြို့နယ် များတွင် နေထိုင်သူများက ပြောသည်။

“အလကားသင်ပေးတယ်ဆိုပေမယ့် သာသနာ့နယ်မြေဖြစ်တာကတကြောင်း၊ ပညာကိုတကယ်လိုလားတဲ့ ကလေးတွေ ဖြစ်ကြတာကတကြောင်းရယ် ဆရာတော်က စည်းကမ်းနဲ့ကိုင်တွယ်ထားတာဖြစ်တဲ့အတွက် လာတက်တဲ့ကလေးတွေဟာ သိမ်သိမ်မွေ့မွေ့နဲ့ ကြိုးစားကြတယ်” ဟု ဦးအောင်ခိုင်စိုးက ပြောသည်။

၂၀၀၀ ခု ပညာသင်နှစ်တွင် ငွေကြာယံ ပညာဒါနသင်တန်းကျောင်းတွင်ပညာသင်ကာ အခြေခံပညာအထက်တန်း အောင်မြင်ခဲ့သူတဦးက “အခုလိုကြားရတာ စိတ်မကောင်းဘူး။ မရှိတဲ့သူတွေက အဲဒီကျောင်းကို အားကိုးပြီး တက်နေကြတာ ဆိုတော့ အဲဒီလိုလူမျိုးတွေအတွက် ပညာသင်ဖို့ အခွင့်အရေး တော်တော်နည်းသွားတာပေါ့” ဟု ဧရာဝတီကို ပြောသည်။

ဧရာဝတီအင်တာနက်စာမျက်နှာမှကူးယူဖေါ်ပြသည်။

No comments: