ဒီလက်မျိုး
သားရေ …
အဖေတို့ရဲ့ မြန်မာပြည်သမိုင်း
ဒီတခါတော့
ကမ်းကုန်အောင် ရိုင်းသွားခဲ့ပါပြီ …။
သံဃာစင်ပါမှောက်သွားမယ်ဆိုတဲ့
မြန်မာလူမျိုးတွေရဲ့ ဘန်းစကား
နိုင်ငံအနှံ့အပြားမှာ
တကယ်ကို ဖြစ်ခဲ့ပါရောလား …။
တုတ်နဲ့ရိုက်တယ်
လှံစွပ်နဲ့ထိုးတယ်
မျက်ရည်ယိုဗုံးခွဲတယ်
သေနတ်နဲ့ပစ်သတ်တယ် …။
သြော် …
လူမဆန်စွာ ရက်စက်
သံဃာစင်ထက်ကို
ပြေးတက်လာတဲ့ စစ်ဖိနပ်တွေ
မင်း … မြင်စေချင်လိုက်တာ … သားရယ် …။
သားရေ …
ဗိုလ်ချုပ်ပေးတဲ့စစ်ပညာ
ပြည်သူတွေကိုသတ်ဖို့မဟုတ်ဘူးဆိုတဲ့ ကြွေးကြော်သံအဆုံး
နောက်ဆုံးသိလိုက်ရတဲ့သတင်းက
တာမွေ အထက ၃ ရဲ့ရှေ့မှာ
အဖြူအစိမ်း ကျောင်းသားလေးရဲ့
ဦးနှောဏ်တပိုင်းတစ
သမိုင်းက ရှာဖွေတွေ့ခဲ့ပြန်တယ် … ။
သားရေ …
မေတ္တာသုတ်ရွတ်ဆိုသံတွေနဲ့
ညံစီနေတဲ့ ဘုန်းကြီးကျောင်းတွေမှာ
အခုတော့
နေ့ဆိုယမ်းနံ့
ညဆိုသွေးနံ့တွေနဲ့
ဆွမ်းလှူသူမလာရဲအောင်
ရိုင်းပြနေတဲ့အဖြစ်က
မြန်မာသာမက
ကမ္ဘာကပါ ခြောက်ခြားခဲ့ရပါတယ် …။
သားရေ …
သာသနာမဲ့တော့မယ့်တိုင်းပြည်ကို
မင်းရင်မှာအလုပ်အကျွေးပြု
အလှပဆုံးယုယမှုတွေနဲ့
မြန်မာပြည်ရဲ့ တင်နေသမျှသမိုင်းကြွေး
မင်း …
ဆပ်ပေးစမ်းပါ သားရယ် …။
ဒီလက်မျိုး
(၂၁၊၁၀၊၂၀၀၇)နေ့တွင် (၇)လ ပြည့်သော သား လရောင် သို့ …
ဆုံဆည်းရာမှကူးယူဖေါ်ပြသည်။
( မင်းကြီရဲ့ငြီးတွားသံ )
Monday, October 29, 2007
သား လရောင် မမြင်ဘူးလိုက်တဲ့ ၂၀၀၇ ခုနှစ်မှတ်တမ်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment